DVB Logo
Home
အာရှဒေသ
အသတ်ခံရတဲ့ သတင်းထောက်တွေရဲ့ မိသားစုတို့ ထိတ်လန့် ကြေကွဲကျန်ရစ်
DVB
·
October 13, 2013
အသတ်ခံရတဲ့ သတင်းထောက်တွေရဲ့ မိသားစုတို့ ထိတ်လန့် ကြေကွဲကျန်ရစ်
Donate to DVB

ဖိလစ်ပိုင်နိုင်ငံကတော့ သတင်းသမားတွေကို ဘာအပြစ်ပေးခံရမှုမှ မရှိဘဲ သတ်ဖြတ်နေ တဲ့ တိုင်းပြည်တွေထဲမှာ ထိပ်ဆုံးနိုင်ငံတခု ဖြစ်နေပါပြီ။ ဒီလ အစောပိုင်းမှာ ၁ ပတ်အတွင်း သတင်းစာသမား ၂ ယောက် အသတ်ခံခဲ့ရပါတယ်။

[caption id="attachment_44778" align="alignright" width="300" caption="အီဒစ်သာဘီကို"][/caption]

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သတင်းစာနယ်ဇင်းသမား ၅၀ ၀န်းကျင်လောက် အသတ်ခံခဲ့ရပြီး သူတို့အမှုတွေကို ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။

အများစုက အမျိုးသားတွေဖြစ်ပြီး သူတို့ ခင်ပွန်းသည်တွေရဲ့အလုပ်မှာ အန္တရာယ်တွေ ရှိနေတယ်ဆိုတာကို မသိကြတဲ့ မိန်းမတွေ ကျန်နေရစ်ခဲ့ကြပါတယ်။

မှောင်နေတဲ့ တိုက်ခန်းငယ်လေးတခုမှာ အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ အီဒစ်သာဘီကိုဟာ သူ့ကလေး ၃ ယောက်နဲ့ နေထိုင်ပါတယ်။

အီဒစ်သာရဲ့ယောက်ျား ဗားဂျဲလ်ဘီကိုဟာ သူ့အိမ်နဲ့ မီတာ နည်းနည်းပဲ လှမ်းတဲ့ နေရာမှာ သေနတ်သမား ၂ ယောက်က သူခေါင်းကို ၂ ချက် တိတိ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူ့ယောက်ျားဟာ ညနေစာအတွက် ငါးတွေကို ဆိုင်ကယ်နဲ့ ၀ယ်ပေးပြီး ပြန်အလာမှာ အသတ်ခံရတာပါ။
အီဒစ်သာက “အပြင်မှာ မိုးက ရွာနေခဲ့တယ်ရှင့်။ ဒါပေမယ့် ကျမက မြန်နိုင်သမျှ မြန်အောင် ပြေးခဲ့တာပေါ့။ အဲဒီမှာ ကျမယောက်ျားက သေနေခဲ့ပြီလေ။ ကြောက်ရွံ့ထိတ်လန့်နေကြတဲ့လူတွေက သူ့ကို ကြည်နေကြပါတယ်။”

ကလေးတွေကတော့ သူတို့အဖေမရှိတော့ဘူးဆိုတာ မယုံနိုင်ကြဘူးလို့ ဆိုပါတယ်။

“ကျမတို့ ကြောက်ကြတာပေါ့ရှင်။ မော်တော်ဆိုင်ကယ်သံ ကြားတိုင်း အသတ်ခံရတာကို အမှတ်ရနေတာပါပဲ။ သူတို့အဖေ မရှိတော့ဘူးဆိုတာကို ကျမ ကလေးတွေ မယုံနိုင်ကြဘူးရှင်။ သူတို့ မကစားကြတော့ပါဘူး။ သူတို့ ၀မ်းနည်းကြေကွဲပြီး ငေးကြည်နေကြတာပါပဲ။ တခါတလေ သူတို့ အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။”

ဗားဂျဲလ်ဘီကိုက ကယ်လာပန်မြို့မှာ ထုတ်ဝေ ဖြန့်ချိနေတဲ့ဒေသသတင်းစာက ဆောင်းပါးရှင်တယောက်ပါ။

တချို့ကတော့ သူ မကြာခင်က ရေးခဲ့တဲ့ တရားမ၀င်လောင်းကစားမှုနဲ့ ပတ်သက်တဲ့ ဆောင်းပါးကြောင့် အသတ်ခံခဲ့ရတာလို့ ယုံကြည်နေကြပါတယ်။ ဗီကိုက အဲဒီ သီတင်းပတ်မှာ အသတ်ခံခဲ့ရတဲ့ ဒုတိယမြောက် သတင်းသမားပါ။

သူ့အရင် အသတ်ခံရတဲ့သူက ဒေသတွင်း နိုင်ငံရေးသမားတွေကို သူ့ရဲ့ အစီအစဉ်မှာ မကြာခဏ ဝေဖန်ပြောဆိုလေ့ရှိတဲ့ ရေဒီယို ဝေဖန်တင်ဆက်သူ ဖာနန်ဒိုဆိုလီယွန် ဖြစ်ပါတယ်။

အီဒစ်သာကတော့ ဒီလောက်မြန်မြန်ဆန်ဆန် သူ့ယောက်ျားကို ဆုံးရှုံးသွားဖို့တော့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။

”သူက သူကို သတ်မယ်လို့ ခြိမ်းခြောက်တာတွေကို ပြောပြခဲ့တယ်ရှင်။ ဒါပေမယ့် ကျမမေးတော့ ဘာမှ ကျမကို အသေးစိတ် ပြောမပြခဲ့ပါဘူး။ သူက ကျမကို သူအလုပ်မှာ အနှောင့်အယှက် မပေးစေချင်ဘူးလေ။ သူက နေစမ်းပါကွာလို့ပဲ ပြောတာပါ။ တခါတလေ ကျမကိုယ် ကျမပဲ အပြစ်တင်ပါတယ်။ သူသာ အသက်ရှင်လျက် ရှိနေခဲ့ရင် သူ့အလုပ်နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြောပြဖို့ ကျမ အတင်းပြောမိမှာပါပဲ။”

ဘီကိုရဲ့ သူငယ်ချင်း အကြီးတန်းသတင်းထောက် ဂျူအန်ချို မဟူဆေးက သတင်းသမားအလုပ်ဟာ အန္တရာယ်ရှိတဲ့ အလုပ်တခုဖြစ်ပြီး မိသားစုက နားလည်ပေးဖို့ သင့်တဲ့အလုပ်ပဲလို့ ပြောပါတယ်။

“ကောင်းကျိုးကို ရိုးသားမှုနဲ့ လုပ်နေတဲ့ ဒါမှမဟုတ် တကယ့် တာဝန်ရှိသတင်းသမားတွေ ဟာ သူတို့ရဲ့လုပ်ငန်းကို လုပ်ဆောင်တဲ့နေရာမှာ အသတ်ခံရဖို့၊ တရားစွဲခံရဖို့လိုမျိုး  ခြိမ်းခြောက်မှုအမျိုးမျိုးကို ကြုံရနိုင်ပါတယ်။ ဒီတော့ သူမိန်းမနဲ့ ကလေးတွေက အခြေအနေ အားလုံးကို အပြည့်အ၀ သိထားမယ်ဆိုရင် တချို့ ထိတ်လန့်တုန်လှုပ်စရာ တွေးရမယ့်ဟာမျိုးတွေကို မိသားစုက ခံစားရနိုင်ပါတယ်။ ကျနော်အတွက်ကတော့ အခက်ခဲဆုံးနဲ့ အသတ်ခံရဖို့ တရားစွဲခံရဖို့ အများဆုံးသူတွေဟာ ဒေသတွင်းက သတင်းသမားတွေ နဲ့ ပြည်နယ်တွေမှာ နေကြတဲ့ သတင်းသမားတွေလို့ ပြောရမှာပါပဲ။”

အမျိုးသားစာနယ်ဇင်းသမားများသမဂ္ဂရဲ့ အဆိုအရ ၁၉၈၆ ခုနှစ် အာဏာရှင် ဖာဒီနန်မားကိုစ့် ပြုတ်ကျသွားချိန်ကစပြီး ဖိလစ်ပိုင်မှာ အနည်းဆုံးသတင်းသမား ၁၆၀ နီးပါး သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီင်္ လူသတ်မှုတွေရဲ့ နောက်ကွယ်က လူတွေကတော့ ဘယ်တုန်းကမှ အကျဉ်းချ ခံခဲ့ရသေးပါဘူး။
အဲဒီလူသတ်မှုတွေရဲ့ နောက်မှာတော့ သူတို့ချစ်ရတဲ့ ခင်ပွန်းသည်တွေကို ဆုံးရှုံးရဖို့ အဆင်သင့် မဖြစ်ကြသေးတဲ့ ဇနီးမယားတွေနဲ့ ကလေးတွေဟာ နက်နက်ရှိုင်းရှိုင်း ထိတ်လန့်ကြေကွဲ ကျန်ခဲ့ကြရရှာပါတယ်။

ဘီကိုရဲ့ မိသားစုကို ကူညီထောက်ပံ့မှုပေးနေတဲ့ ဖိလစ်ပိုင် သတင်းစာဆရာများ သမဂ္ဂဥက္ကဋ္ဌ ရိုဝင်နာပါရန်းက “ကျမတို့မှာ  ခံစားကျန်ရစ်တဲ့ ဇနီးမယားတွေအတွက် စိတ္တဗေဒ လူမှုလှုပ်ရှားဆောင်ရွက်မှု တွေ ရှိပါတယ်။ ကျမတို့က သူတို့ခင်ပွန်းသည်တွေ ရဲ့ အများအားဖြင့် ထုတ်လွှင့်ကြေငြာသူတွေ ဘာလုပ်ရတယ်ဆိုတဲ့ သူတို့ရဲ့ အလုပ်မျိုးကို သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိကြသေးတဲ့ ဇနီးမယားတွေ အများစုရှိတယ်ဆိုတာ သိပါတယ်။ သူတို့ အသတ်ခံခဲ့ကြရတဲ့ အချိန်မှာ သူတို့ ချစ်တဲ့သူတွေဟာ ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရနိုင်တယ်ဆိုတဲ့အတွေးမျိုး မရှိတဲ့ အခါမှာကျတော့ သက်ရောက်မှုက ပိုပြီးကြီးမားသလို ထိတ်လန့်ကြေကွဲရမှုကလည်း အများကြီး နက်ရှိုင်းလာပါတယ်” လို့ ပြောပါတယ်။
ဗာဂျဲလ်ဘီကိုရဲ့ အမှုကို စုံစမ်းစစ်ဆေးဖို့ ရဲက အထူးတပ်ဖွဲ့တခုကို တာဝန်ပေးထားခဲ့ပါ တယ်။ ဒါပေမယ့် မဖြေရှင်းနိုင်တဲ့ သတ်ဖြတ်မှုတွေ တိုးများလာတာနဲ့ အတူ သတင်းစာနယ်ဇင်းသမားတွေအတွက် တရားမျှတမှုကတော့ အလှမ်းဝေးလှပါသေးတယ်။
ရိုဝင်နာကတော့ ဒေသတွင်း သတင်းဌာနတွေက သတင်းသမားမိသားစုဝင်တွေကို သူတို့ အိမ်ထောင်ဖက်တွေရဲ့ လုပ်ငန်းဟာ အန္တရာယ်တွေနဲ့ ပတ်သက်နေတယ်ဆိုတာကို သိနားလည် လာအောင် စပြီး လုပ်ဆောင်ပေးနိုင်တော့မယ်လို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့် အီဒစ်သာဘီကိုနဲ့ သူကလေး ၃ ယောက်အတွက်ကတော့ သိပ်နောက်ကျသွားခဲ့ပါပြီ။
“တယောက်တည်းကျန်ခဲ့တဲ့ မိဘအတွက်ကတော့ ခက်ခဲပါတယ်ရှင်။ ဒီနာကျင်ခံစားမှုတွေ နဲ့ အိပ်မပျော်တဲ့ညတွေ ဘယ်လောက်ရှည်ကြာဦးမယ်ဆိုတာ ကျမ မသိနိုင်ပါဘူး။ ကျမက ကလေးတွေကို တင်းတင်းဖက်ပြီး ကောင်းမွန်အောင်တော့ တနေ့တော့ အဲဒါဟာ လွန်မြောက်သွားမှာဖြစ်ပြီး ကျမတို့တူတူ နေသင့်တဲ့အကြောင်း ပြောမှာပါ။ ကျမက သူတို့အတွက် သန်မာကြံ့ခိုင်ဖို့ လိုတယ်လေ။”
မဒေါနားဗီရိုလာက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ဖိလစ်ပိုင်နိုင်ငံ ကယ်လာပန်မြို့က သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013