DVB Logo
Home
မြန်မာသတင်း
၂၀၁၃ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့စာချုပ်ကို ပြင်ဆင်ဖို့ မြန်မာနဲ့ထိုင်း အစိုးရအဖွဲ့ ဆွေးနွေး
DVB
·
October 12, 2013
၂၀၁၃ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့စာချုပ်ကို ပြင်ဆင်ဖို့ မြန်မာနဲ့ထိုင်း အစိုးရအဖွဲ့ ဆွေးနွေး
Donate to DVB

ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေ ရန်ကုန်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၀၁၃ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြင်ဆင်ဖို့အပါအ၀င် မြန်မာအလုပ်သမားအရေးကို ဆွေးနွေးဖို့အတွက် မြန်မာနဲ့ ထိုင်းအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေ ဒီနေ့ ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_33271" align="alignleft" width="300" caption="မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုက မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ)"][/caption]မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအကြားမှာ အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ပြဿနာတချို့နဲ့ အခက်အခဲတချို့က ရှိနေတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
ဒါကြောင့် အမ်အိုယူစနစ်နဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စအပါအ၀င် အခြားကိစ္စရပ်တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ ရှိတယ်လို့ သူက အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံမှာ အမ်အိုယူစနစ်နဲ့ သွားရောက်လုပ်ကိုင်ပြီး လေးနှစ်ပြည့်တဲ့ မြန်မာ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖွင့်မယ့်စခန်းတွေ အတည်ပြုဖို့ ဆွေးနွေးသွားရမှာဖြစ်ပါတယ်။ နောက်တခုက မှတ်ပုံတင်ပြီးတော့မှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ကျန်တဲ့ အလုပ်သမားတွေ ကိစ္စကိုလည်း ကျနော့်အနေနဲ့ ထည့်သွင်း ဆွေးနွေးလိုပါတယ်။ ငါးဖမ်းလုပ်ငန်းတွေမှာ ရောက်ရှိနေပြီး အထောက်အထားမဲ့နေတဲ့ မြန်မာရေလုပ်သားတွေ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးပါ့မယ်။”

အလားတူ ထိုင်းအလုပ်အကိုင်ဌာနက ညွှန်ကြားရေးမှူးချုပ်ကလဲ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံ ကတ်ဘီနက်ဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ် ဩဂုတ် ၁၁ ရက်နောက်ပိုင်းကစပြီး မြန်မာအလုပ်သမားတွေအပေါ် မည်ကဲ့သို့သတ်မှတ်မယ်ဆိုတဲ့အချက် အပါအ၀င် မြန်မာအလုပ်သမားတွေကို ၀န်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေ စာရင်းအတွက် နှစ်နိုင်ငံအစိုးရက ရွေးချယ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကိစ္စက နိုင်ငံတကာမှာ ရှိတာဖြစ်လို့ ဒီအရေးကိစ္စကိုလဲ တနိုင်ငံနဲ့ တနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့အကြောင်း ဦးမျိုးအောင်က အခုလိုပြောပါတယ်။

“ရွှေ့ပြောင်းသွားလာ လုပ်ကိုင်တဲ့ ကိစ္စတွေက တကမ္ဘာလုံးမှာ ဖြစ်နေပြီးတော့မှ ဒီလိုပဲ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ ပူးပေါင်းပြီးတော့မှ အဖြေရှာလုပ်ကိုင်ခြင်းဟာ အောင်မြင်တဲ့ လုပ်ငန်းတရပ်ဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒီလိုသွားလာ ရွှေ့ပြောင်းပြီး လုပ်ကိုင်နေရတဲ့ ကိစ္စတွေဟာ လူမှုရေးအရ စီးပွားရေးအရ ဆက်စပ်နေပြီး ဒါတွေကို အချင်းချင်း ညှိနှိုင်းဆွေးနွေးမှသာ အဆင်ပြေမှာပါ။”

နှစ်နိုင်ငံ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် တရားမ၀င်ရောက်ရှိနေတဲ့ အထောက် အထားမဲ့ မြန်မာအလုပ်သမားဦးရေ ၁ ဒဿမ ၆ သန်းကျော်ကို ယာယီနိုင်ငံကူး လက်မှတ်စာအုပ်တွေ ထုတ်ပေးထားနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရ အမ်အိုယူစနစ်နဲ့ တရားဝင် သွားရောက် လုပ်ကိုင်နိုင်ဖို့ ယာယီနိုင်ငံကူးလက်မှတ်ရုံးတွေကို ထိုင်းမြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီ၊ တာချီလိတ်နဲ့ ကောင်းသောင်းမြို့တွေမှာ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၆၆ ခုတို့ကနေ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ အလုပ်သမားဦးရေ ၇ ထောင် ၇ ရာကျော်ကို တရားဝင် စေလွှတ်ထားပြီးဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013