DVB Logo
Home
မြန်မာသတင်း
မွန်တောင်သူများ အကာကွယ်မဲ့နေ
DVB
·
October 11, 2013
Donate to DVB

မွန်ပြည်နယ်အတွင်းမှာ လယ်မြေသိမ်းဆည်းမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေသစ်ဟာလည်း  မွန်တောင်သူလယ်သမားတွေ အတွက် မြေယာအခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ အာမခံချက်ပေးထားမှုတွေ မရှိဘူးလို့  မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောကြား လိုက်သည်။

၁၉၉၅ ခု မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြေယာ သိမ်းဆည်းမှုတွေ အဆိုးဝါးဆုံးခံခဲ့ရပြီး အရပ်သားအစိုးရသစ်တက်လာတဲ့ ၂၀၁၀ ခု နောက်ပိုင်းမှာလည်း မြေယာသိမ်းဆည်းမှုတွေဖြစ်ပွားတဲ့အတွက်   ဒေသခံတွေ မြေယာပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့  မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

‘တရားမဲ့နယ်မြေ’ ဆိုတဲ့ အစီရင်ခံစာကို  အောက်တိုဘာလ ၉ ရက်နေ့က စတင် ဖြန့်ချိ လိုက်တာပါ။

ဒီအစီရင်ခံစာကို မွန်ပြည်နယ် ရေးနဲ့ ကျိုက်မရော မြို့နယ်က မြေယာပြဿနာတွေနဲ့ ရင်ဆိုင်နေတဲ့ တောင်သူတွေအကြောင်း ၄ လတာ ပြုစုပြီး ထုတ်ပြန်ထားတာလို့ ပြောပါတယ်။

ရေးနဲ့ ကျိုက်မရောမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာဧကပေါင်း ၂ သောင်းကျော်ရှိပြီး  စစ်အစိုးရ လက်ထဲက  စစ်တပ်၊ ရေတပ်က တပ်ပိုင်နယ်မြေအဖြစ် သိမ်းပြီး သီးစားပြန်ချတာရှိသလို အစိုးရ သစ်လက်ထဲမှာလည်း ဇေကမ္ဘာကုမ္ပဏီအစရှိတဲ့ အစိုရ ကြောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေက မြေယာတွေ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒီလို မြေယာ သိမ်းဆည်းခံရတဲ့ တောင်သူတွေအနေနဲ့ လည်း မကြာသေးခင်ကမှ  ပြဋ္ဌာန်း ထားတဲ့  တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်မြှင့်တင်ရေး ဥပဒေဟာ  သူတို့အတွက် အကာအကွယ် ကင်းမဲ့နေတယ်လို့ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့  ညှိနှိုင်းဆောင်ရွက်သူ နိုင်အောမွန်က ပြောပါတယ်။

“မွန်ပြည်နယ် ကျေးရွာတွေမှာ ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ ကာလပေါက်ဈေးအောက် အများကြီး နှိမ့်ကျတဲ့ လျော်ကြေးပေးမှုတွေ လုပ်တယ်။ အဲဒီအတွက်ကြောင့် အချို့လယ်သမားတွေက လက်မှတ်လည်း မထိုးဘူး။ သူတို့ မြေတွေကို မအပ်ဘူး။ အဲဒီလိုမျိုး တင်းခံနေတဲ့ အနေအထား တွေရှိတယ်။ နောက်ဆုံး ဒီကုမ္ပဏီတွေက ဒေသအာဏာပိုင်တွေနဲ့ ပေါင်းတာတမျိုး နိုင်ငံရေးပါတီတွေထဲက တချို့အာဏာရှိတဲ့ သူပုဂ္ဂိုလ်တွေကို ပေါင်းပြီးတော့ တမျိုး ခြိမ်းခြောက်တယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ စက်မှုကုန်ကြမ်းထုတ်လုပ်မယ့် မြေအဖြစ် အသုံးပြုမယ်ဆိုတဲ့အတွက်ကြောင့် လက်ရှိကာလတန်ဖိုးကို မယူဘူးဆိုရင် မြေလည်းဆုံး ငွေလည်းမရဖြစ်မယ် အဲဒီလိုမျိုးတွေ ခြိမ်းခြောက်တယ်။ နောက်တခါ တင်းခံထားတဲ့ အုပ်စုတွေကို သွေးခွဲပြီးတော့ တချို့ကို အများကြီးပေးလိုက်တယ်။ တချို့ကို မပေးဘူး။ တချို့ကို အဆင်ဆင့်ပေးလိုက်တယ်။ အဲဒီလို ပွင့်လင်းမြင်သာမှုမရှိတဲ့ လျော်ကြေးပေးမှု ပုံစံမျိုးတွေနဲ့ အမျိုးမျိုး ဒီမြေတွေကို သိမ်းထားတာဖြစ်ပါတယ်။”

လက်ရှိ ဒေသခံတွေ ကြုံတွေ့နေရတဲ့  လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းပေးထားတဲ့ မြေယာကော်မရှင်ကနေဆင့် ဒေသခံတွေက အသနားခံစာ တင်သွင်းပြီး ပြန်လည် တောင်းဆိုမှုတွေ လုပ်ဆောင်ပါတယ်။ ဒီကော်မရှိကနေတင့် ညှိနှိုင်းပေးလို့ တချို့ လယ်မြေတွေ ပြန်ရပေမယ့် အနည်းအကျဉ်းသာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း ဒေသခံတွေအနဲ့ လက်ရှိ ကြုံတွေနေရတဲ့  လယ်ယာမြေပြဿနာနဲ့ ပတ် သက်ပြီး  မွန်ဒေသအတွင်းရှိ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးဖို့လည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းကို ၁၉၉၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မွန်ပြည် နယ်အတွင်း  လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ အချက်လက်ကို ကောက်ယူစုဆောင်း ထားတဲ့ အစီရင်ခံတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013