DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ အပြင်းအထန် အရေးယူရန် မြန်မာသံအမတ်ကြီးက ကုလညီလာခံ၌ တောင်းဆို
DVB
·
February 26, 2021
အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ အပြင်းအထန် အရေးယူရန် မြန်မာသံအမတ်ကြီးက ကုလညီလာခံ၌ တောင်းဆို
1 / 6
Donate to DVB

အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်အစိုးရကို ဘယ်နည်းနဲ့မှ လက်မခံဖို့နဲ့ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး အပြင်းထန်ဆုံး အရေးယူဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က  နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားတာပါ။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ သတင်းစကားအဖြစ်  အောက်ပါ  အချက် ၆ ချက်ကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို တောင်းဆိုတဲ့ အကြောင်း   မြန်မာသံအမတ်ကြီးက ပြောကြားသွားပါတယ်။

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပြန်ပေးဖို့၊ စစ်ကောင်စီနဲ့ စစ်အစိုးရကို ဘယ်နည်းနဲ့မှလက်မခံဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာအောင် စစ်အစိုးရကို တိုက်တွန်းတောင်းဆိုဖို့၊ လူထုရွေးကောက်ခံအစိုးရ နိုင်ငံတော်အာဏာပြန်မရမချင်း စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ရက်ရက်စက်စက်ဖြိုခွဲတာတွေရပ်အောင်နဲ့ စစ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်အောင်အတွက် လုပ်နိုင်သမျှ အပြင်းထန်ဆုံးအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့၊  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံဖို့  တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် ရည်ညွန်းပြီး   သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာဘာသာနဲ့ ပြောကြားသွားပါတယ်။

“ ညီအစ်ကိုမောင်နှမများနှင့် သွေးချင်းညီနောင်သားချင်းများခင်ဗျာ၊ မိမိတို့ဆောင်ရွက်နေတဲ့ စစ်တပ်အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အခြားမတရား ထိန်းသိမ်းခံထားရသူများ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော် အာဏာ ပြည်သူ့ထံပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ဒီအရေးတော်ပုံကြီး အောင်မြင်ရေးကို မိမိတို့ အလွှာအသီးသီးမှ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ ၊ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါသည်ခင်ဗျာ။”

သူ့ရဲ့မိန့်ခွန်းအဆုံးမှာ  ပြည်သူသာ အဓိက ၊ အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသသွားပါတယ်။

ဒီအစည်းအဝေးမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စခရစ္စတင်းဘာဂီနာကလည်းမြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းသွားခဲ့ပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြ ပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့  အကြမ်းဖက်မှုတွေရပ်ဖို့ တိုက်တွန်းပြောသွားပါတယ်။

ဆွေးနွေးပွဲမှာ အီးယူ၊ ယူကေ၊ အမေရိကန်၊ ဂျပန် နိုင်ငံတွေက သံအမတ်ကြီးတွေ၊  နော်ဒစ်နိုင်ငံတွေကိုယ်စား ဆွီဒင်သံအမတ်၊  အိုအိုင်စီနိုင်ငံတွေ ကိုယ်စားဆော်ဒီအသံအမတ်၊ အာဆီယံနိုင်ငံတွေထဲက ဘရူနိုင်းနဲ့ အင်ဒိုနီးရှားအပြင် ဘင်္ဂလားဒေ့ရှ်၊ တူရကီစတဲ့ နိုင်ငံတွေရဲ့ အသံအမတ်ကြီးတွေက ဆွေးနွေးပြောကြားသွားပါတယ်။

ကုလသမဂ္ဂအစည်းအဝေးအပြီးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ရောက် မြန်မာပြည်သူတွေက တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြပါတယ်။

Photos credit - War War Moe Moe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013