DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးလျော့ချရေးတွင် မသန်စွမ်းသူများအတွက် စဉ်းစားပေးရန်လိုအပ်
DVB
·
October 11, 2013
သဘာဝဘေးလျော့ချရေးတွင် မသန်စွမ်းသူများအတွက် စဉ်းစားပေးရန်လိုအပ်
Donate to DVB

သဘာဝဘေးအန္တရာယ်လျော့ချရေး အစီအမံတွေ ဆောင်ရွက်တဲ့အခါမှာ မသန်စွမ်းသူတွေ အဆင်ပြေရေးအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုကြောင်း မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့ အခမ်းအနားကို သဘာဝဘေးလျော့ပါးရေး မသန်စွမ်းလည်း ပူးပေါင်းပေး ဆောင်ပုဒ်နဲ့အတူ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ Banquet ခန်းမမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ကျရောက်ရင် မသန်စွမ်းသူတွေ အခက်အခဲတွေ ကြုံရပုံကို အခမ်းအနား တက်ရောက်တဲ့ မသန်စွမ်း အဖွဲ့ဝင် ဦးနေလင်းစိုးက ပြောပါတယ်။

"အဓိကကတော့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ရင် ကျနော်တို့ မသန်စွမ်းတဲ့သူတွေက ၀ရုန်းသုန်းကား ဖြစ်တဲ့အခါမှာ ရှေ့ဆုံးက ဒုက္ခရောက်တာပေါ့။ ထိခိုက်စရာရှိရင် ရှေ့ဆုံးက ထိခိုက်တယ်။ သေစရာရှိရင် ရှေ့ဆုံးက သေတယ်။ ဒီလိုအခြေအနေမှာ သဘာဝဘေးအန္တရာယ်လျော့ချရေး အဖွဲ့အစည်းတွေက အစီအမံတွေ ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ မသန်စွမ်းတဲ့သူတွေ အဆင်ပြေတဲ့ အခြေအနေကို ထည့်သွင်းမစဉ်းစားဘူး။ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်တွေ ပြုလုပ်တဲ့အခါမှာ နားမကြားတဲ့သူတွေ၊ မျက်စိမမြင်တဲ့သူတွေဆီကို သတင်းအချက်အလက်တွေရအောင် လုပ်မပေးနိုင်ဘူး။ သဘာဝဘေးအန္တရာယ် ကာကွယ်ပေးတဲ့အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါမှာ ၀ှီးချဲ သုံးမရဘူး။ ဒါမျိုးတွေက ကျနော်တို့အတွက် အခက်အခဲတွေ ဖြစ်စေတာပေါ့။"

အခမ်းအနားမှာ ဒုတိယ သမတ ဒေါက်တာ စိုင်းမောက်ခမ်းကတော့ ဘေးအန္တရာယ်က လွတ်မြောက်ဖို့ ခက်ခဲတဲ့ အုပ်စုတွေ ဖြစ်တဲ့ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်နဲ့ မသန်စွမ်းသူတွေ ဘေးအန္တရာယ်ကျရောက်တဲ့အခါမှာ လွတ်မြောက်နိုင်မယ့်နည်းလမ်းတွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတာ လက်ရှိ ဘေးအန္တရာယ်ကျရောက်တဲ့ နိုင်ငံတကာအတွေ့အကြုံ မြန်မာပြည်ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြောကြားသွားခဲ့ပါတယ်။

အခုပွဲကို အဓိက ဦးဆောင်စီစဉ်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက "ကျမတို့ မသန်စွမ်းတွေက ဘေးအန္တရာယ် ကျရောက်လာတဲ့အခါမှာ သူတို့ရဲ့ မသန်စွမ်းမှုကြောင့် ဘေးအန္တရာယ်က လွတ်ကင်းအောင် ရှောင်တိမ်းတဲ့အခါမှာ အခက်အခဲရှိပါတယ်။ ရပ်ရွာလူထု မိသားစုကနေပြီး လိုအပ်တဲ့အကူအညီမပေးဘူးဆိုရင် ဘေးအန္တရာယ်က ရှောင်ဖို့ ခက်ပါတယ်။ သူတို့ကိုယ်တိုင် သဘာဝဘေးနဲ့ ပတ်သက်တဲ့ အသိပညာတွေလည်း ရှိထားဖို့ လိုအပ်ပါတယ်။ ရှိထားမှလည်း ဘယ်လို ရှောင်တိမ်းရမလဲဆိုတာကို သိမှာပါ။ သဘာဝဘေးပြီးသွားတဲ့အခါမှာလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကျမတို့ မသန်စွမ်းသူတွေအတွက် လိုအပ်တာတွေကို ထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

အခမ်းအနားကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ၊ အန်ဂျီအိုအဖွဲ့တွေနဲ့ မသန်စွမ်းအဖွဲ့တွေက ကိုယ်စားလှယ် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ လူဦးရေးရဲ့ ၂ ဒဿမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013