DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ တပ်မတော်ထောက်ခံပွဲသွားရန် အဓမ္မစေခိုင်းခံရ
DVB
·
February 26, 2021
ရှမ်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ တပ်မတော်ထောက်ခံပွဲသွားရန် အဓမ္မစေခိုင်းခံရ
Donate to DVB

တပ်မတော်ထောက်ခံပွဲမှာ ဒေသခံတိုင်းရင်းသားတွေလည်း ပါဝင်စီတန်းလှည့်လည်ထောက်ခံဖို့ အတင်းအဓမ္မစေခိုင်းမှုတွေ ရှိခဲ့တယ်လို့  ထိုင်းအခြေစိုက် ရှမ်းလူ့ အခွင့်အရေး မဏ္ဋိုင်အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ ကျိုင်းတုံ စတဲ့မြို့နယ်ထဲက လားဟူ၊ အားခါ နဲ့ ရှမ်းတိုင်းရင်းသား ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက် နဲ့ ၂၃ ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ ကျင်းပသွားတဲ့ တပ်မတော်ထောက်ခံပွဲတွေမှာ မိမိဆန္ဒမပါဘဲ နိုင်ငံရေးနားမလည်ဘဲ အတင်းအကြပ်စေခိုင်းလို့  ပါဝင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

တပ်မတော်ထောက်ခံပွဲတွေကို အာဏာသိမ်းစစ်တပ်က သူတို့လက်အောက်ခံ ပြည်သူ့စစ်တွေကနေတဆင့် စီစဉ်ကျင်းပစေခဲ့တာဖြစ်ပြီး ပြည်သူ့စစ်ကလည်း လူအင်အားများများရှိအောင် ရွာသားတွေကို ခြိမ်းခြောက်ခိုင်းစေသလို အခကြေးငွေပေးပြီး  ပါဝင်စေခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆတ်မြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀ ကျော်က ရွာသားတွေကို တစ်အိမ်တစ်ယောက် မလာမနေရခေါ်ထားကာ မလာရင် ရွာထဲမနေရဘူးလို့ ခြိမ်းချောက်သလို လာတဲ့လူတွေတော့ နေ့လယ်စာ ထမင်းတနပ်ကျွေးပြီး ငွေ ၂၅၀၀ နဲ့ ၃၀၀၀ ကြားရကြတယ်လို့ ဆိုပါတယ်။

မိုင်းတုံမြို့နယ် နားကောင်းမူးရွာသားတွေကတော့ လူ ၁ ယောက်ကို ၅၀၀၀ မှ ၁၀၀၀၀ ထိ ရကြပြီး မိုင်းဖြတ်မြို့နယ်  မိုင်းယွန်းအုပ်စုမှာ ၁ ယောက် ကျပ် ၆ ထောင်၊ ကျိုင်းတုံမြို့နယ် မိုင်းခတ်မြို့မှာတော့  ၁ ယောက် ကျပ် ၅၀၀၀ စီရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာလည်း  တပ်မတော်ထောက်ခံပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ရာမှာ တောင်ကြီးမြို့နယ်ထဲက  တိုင်းရင်းသားတွေဟာ နိုင်ငံတော်အလံ၊ တပ်မတော်ကို ထောက်ခံကြောင်း ပိုစတာတွေ ကိုင်ပြီး ချီတက်လာကြပါတယ်။  အဲဒီထဲမှာ ပအိုဝ်းတိုင်းရင်းသားဝတ်စုံဝတ်ရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကိုပါ တွေ့ရပြီး လူမှုကွန်ရက်သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဘုရားပွဲလာတာလို့ ဖြေဆိုကြပါတယ်။

ထောက်ခံပွဲက ပြန်လာတဲ့ ရွာသူတစ်အုပ်ကတော့ သူတို့ကို ရွာအကြီးအကဲက အကတိုက်စရာရှိလို့ ဆိုပြီး မြို့ပေါ်ခေါ်လာကြောင်း၊ ဒီရောက်တော့ သံပုံးတီးဆန္ဒပြခံရတာသိလို့ ရှက်ရှက်နဲ့ မျက်နှာကွယ်ထားကြရတယ်လို့ ဆိုပါတယ်။

အချို့ကတော့ တပ်မတော်ထောက်ခံပွဲလာရတာကို သိရှိသွားလို့ လူအုပ်ကနေခွဲထွက်ပြီး လာကြိုတဲ့ ကားကိုတောင်မစောင့်တော့ဘဲ  ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခဲ့ကြတယ်လို့  တောင်ကြီး ဒေသခံက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို  နေရာအနှံ့ ဆန့်ကျင်တဲ့ဆန္ဒပြနေကြသလို တဘက်ကလည်း တပ်မတော်ထောက်ခံပွဲကို တန်ပြန်ကျင်းပနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013