DVB Logo
Home
မြန်မာသတင်း
ရေကြောင်းသိပ္ပံကျောင်းသားများနှင့် သင်္ဘောသားများက ကျောက်မြောင်းပြည်သူများကို ဝန်းရံ အားပေး
DVB
·
February 26, 2021
ရေကြောင်းသိပ္ပံကျောင်းသားများနှင့် သင်္ဘောသားများက ကျောက်မြောင်းပြည်သူများကို ဝန်းရံ အားပေး
1 / 10
Donate to DVB

ကုန်သွယ်ရေကြောင်းကောလိပ် ရေကြောင်းသိပ္ပံကျောင်းသားတွေ၊ ကျောင်းသားဟောင်း တွေနဲ့ မြန်မာသင်္ဘောသားများသမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ   ဖေဖော်ဝါရီ ၂၆ ရက် ဒီကနေ့ မနက်က ရန်ကုန်မြို့  တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းနေ ပြည်သူတွေကို လာရောက်ဝန်းရံ အားပေးခဲ့ပါတယ်။

တာမွေမြို့နယ် ကျောင်းမြောင်းက ရပ်ကွက်တွေမှာ မနေ့ညက လက်နက်ကိုင် ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် အကြမ်းဖက် ပစ်ခတ်စီးနင်းပြီး ပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကပ္ပတိန် တစ်ဦးက “ဒီနေ့ကတော့ တာမွေနဲ့ ကျောက်မြောင်း ရပ်ကွက်ထဲမှာရှိတဲ့ပြည်သူတွေ မနေ့ညတုန်းက အတင်းအဓမ္မ အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့အတွက် ကျနော်တို့က ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းပြီးတော့ အားပေးဖို့အတွက် ထောက်ခံဖို့အတွက်  ဒီဘက်ကိုလှည့်လည်  ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

မနေ့ည ၇ နာရီလောက်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့ အောင်မင်္ဂလာလမ်း  ဟိန္ဒူဘုရားကျောင်းရှေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သပိတ်မှောက်စစ်ကြောင်းက ၂ မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကိုလုံးဝ လက်မခံတဲ့ အကြောင်းလည်း ဆန္ဒပြ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ပြည်သူတွေကို ဒီလိုမျိုးအကြမ်းဖက်နှိမ်နင်းတာကို ကျနော်တို့က လုံးဝ လက်မခံပါဘူး။ သူတို့ အကြမ်းဖက်ပေမဲ့ ကျနော်တို့က ပြည်သူတွေနဲ့ တစ်သားထဲ ငြိမ်းချမ်းစွာဘဲ ဆန္ဒဖော်ထုတ်ပါမယ်။ ကျနော်တို့က လက်နက်မဲ့ ပြည်သူတွေပါ လက်နက်ရှိတဲ့သူတွေကို ကျနော်တို့ ပြန်ပြီးတော့လည်း အကြမ်းဖက်တဲ့ နည်းနဲ့ ပြန်လုပ်ရင် ကျနော်တို့ပဲရှုံးမှာပါ။ ဒါပေမဲ့ကျနော်တို့ကဉာဏ်ကိုသုံးပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပါမယ်။ နိုင်ငံတကာအကူအညီတွေ ရအောင် ကျနော်တို့က ဒီလိုဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြီးတော့ International Attention (နိုင်ငံတကာအာရုံစိုက်မှု) ရ လာအောင် လုပ်ပါမယ်”လို့ သင်္ဘောကပ္ပတိန်တစ်ဦးကပြောပါတယ်။

သပိတ်မှောက် စစ်ကြောင်းမှာ လိုက်ပါလာတဲ့ သင်္ဘောသားတစ်ဦးကလည်း “ကျနော်တို့ သင်္ဘောသားတွေကတော့ ပြည်သူနဲ့ တသားတည်းပဲ  တသွေးတည်းပဲ။ စစ်အာဏာရှင်စနစ်ကို ဖြတ်ချပြီးတော့ ဒီမိုကရေစီကို ရရှိအောင်   အဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့ ကျနော်တို့ သန္နိဋ္ဌာန် ချထားပါတယ် ”လို့ ပြောပါတယ်။ 

မနေ့ညက တာ​မွေမြို့နယ်  ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်နဲ့ ကျောက်မြောင်းကြီးရပ်ကွက်တို့မှာ အာဏာသိမ်းစစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူလူထုက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရာကနေ ရဲနဲ့ စစ်တပ်တွေ အလုံးအရင်းနဲ့ ရောက်လာပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ခန့်အပ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတစ်ရပ်လုံးက တညီတညွတ်တည်း ဆန့်ကျင် ကန့်ကွက်ကြဖို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကပ္ပတိန် တစ်ဦးက တိုက်တွန်းပါတယ်။

“ကျနော်တို့အားလုံးက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ပဲ သူတို့ အုပ်ချုပ်တဲ့သူတွေကို လက်မခံဘူး။ ညီညီညွတ်ညွတ်နဲ့ပဲ ဆန္ဒပြုပြီး ဆန့်ကျင်ဖို့ပဲလိုပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေတစ်ရပ်လုံး တညီတညွတ်တည်းဆန့်ကျင် ကန့်ကွက်နေမယ်ဆိုရင် အုပ်ချုပ်တဲ့သူတွေလည်း သူတို့အုပ်ချုပ်လို့ မရပါဘူး။ စစ်အစိုးရ ခန့်အပ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထုက လက်မခံဘူး မထောက်ခံဘူးဆိုရင် သူတို့ အုပ်ချုပ်လို့ မရပါဘူး။ အဓိက ပြောချင်တာကတော့ ပြည်သူတွေအားလုံး စည်းလုံးညီညွတ်ကြပါ။ စိတ်ဝမ်းမကွဲကြပါနဲ့ ညီညီညွတ်ညွတ်နဲ့ အကုန်လုံးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီအစိုးရ ပြန်လည်ရရှိအောင် ကျနော်တို့ ဝိုင်းဝန်းကြိုးစား ဆန္ဒဖော်ထုတ်ကြပါ၊ တိုက်တွန်းကြပါ။ လို့ကျနော် ပြောချင်ပါတယ်"။

မနေ့ညက ကျောက်မြောင်းမှာ   ရဲနဲ့စစ်တပ်က  အကြမ်းဖက်ဝင်ရောက်စီး နင်းပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မှာ  ဖမ်းဆီးခံရသူ အ​ယောက် ၃၀ ထက်မနည်းရှိနိုင်​ပြီး တာ​မွေစခန်းမှာမရှိဘဲ ဘယ်​ခေါ်​ဆောင်သွားလဲ မသိ​သေး​ဘူးလို့ ဖမ်းခံရသူ​တွေရဲ့ မိသားစုဝင်​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013