DVB Logo
Home
မြန်မာသတင်း
စီးပွားရေးဇုန် ဥပဒေကြမ်းတွင် ဒေသခံများ၏သဘောထား ပါဝင်မည်
DVB
·
October 11, 2013
Donate to DVB

မကြာမီ ပြဋ္ဌာန်းတော့မယ့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေအပြင် ဒေသခံတွေရဲ့ သဘောတူညီမှုကို အလေးထားရမယ့် အချက်တွေလည်း ပါဝင်မယ်လို့ ဥပဒေပြုရေး ကော်မတီဝင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည်ဖော်နေတဲ့ အထူးစီးပွားရေးဇုန်တွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက သီးခြားစီ ဖြစ်နေတာပါ။ ဒါကြောင့် မကြာမီပြဋ္ဌာန်းဖို့ရှိတဲ့ အထူးစီးပွားရေးဇုန် ဥပဒေကြမ်းကတော့ စီးပွားရေးဇုန်တွေ အကုန်လုံးနဲ့ သက်ဆိုင်မှုရှိမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးကပြောပါတယ်။

ဒီဥပဒေကို ပြဋ္ဌာန်းဖို့အတွက်လည်း လက်ရှိမှာတော့ အမျိုးသားလွှတ်တော်က  နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တဲ့ ပြင်ဆင်ချက်တချို့ကိုသာ ပြင်ဆင်ထားပြီးတော့ ပြည်သူ့လွှတ်တော်ဆီ တင်ပြထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် မကြာမီ ပြဋ္ဌာန်းဖို့ရှိတဲ့ အထူးစီးပွားရေးဇုန်ဥပဒေကြမ်းက သီးခြားစီ ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေကြမ်းတွေနဲ့ ဘယ်လို ကွာခြားမှုရှိတယ်ဆိုတာကို ဒေါက်တာမြတ်ဥာဏစိုးက အခုလို ပြောပါတယ်။
“သဘောဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်လိုလုပ်ရမယ်။ ဒေသခံတွေရဲ့ စီးပွားရေးကို ဘယ်လိုမြှင့်တင်ရမယ်။ ဒေသခံတွေရဲ့ သဘောတူညီမှုကို ဘယ်လိုယူရမယ်။ ဒါတွေ အကုန်လုံးပါပေါ့။”
ဒါပေမယ့် လတ်တလောမှာ အကောင်အထည်ဖော်နေတဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်နဲ့ တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေမှာ မြေယာသိမ်းဆည်းမှုတွေကြောင့် ဒေသခံတွေနဲ့ စီမံကိန်းဖော်ဆောင်သူတွေအကြားမှာ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒီလို အငြင်းပွားမှု ဖြစ်ရတာနဲ့ ပတ်သက်ပြီးတော့ သူ့အမြင်ကို အခုလို ပြောဆိုခဲ့ပါတယ်။ “အထူးစီးပွားရေးဇုန် တခုတည်ထောင်ပြီဆိုရင် မြေယာသိမ်းဆည်းတဲ့ ကိစ္စတွေ ရှိလာတာပေါ့ဗျာ။ မြေသိမ်းတဲ့ ကိစ္စတွေကလည်း လယ်ယာမြေဥပဒေတွေလည်း ရှိပြီးသား ဒီဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ မလုပ်တာလည်းပါတယ်။ ဥပဒေရဲ့ အားနည်းချက် အပိုင်းရှိသလို ဥပဒေကို ကိုင်တွယ် အကောင်အထည်ဖော် ဆောင်ရွက်နေသူတွေရဲ့ အားနည်းချက်လည်း ရှိမယ်ခင်ဗျ။ ”

စီးပွားရေးသုတေသနပညာရှင် ဒေါက်တာဦးဆက်အောင်က မကြာမီ ပြဋ္ဌာန်းဖို့ရှိတဲ့ ဒီဥပဒေကြမ်းထဲမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားဆိုပြီး ခွဲခြားမှုမရှိတော့ဘဲနဲ့ တန်းတူ အခွင့်အရေး ရရှိမှာ ဖြစ်လို့ အရင်ပြဋ္ဌာန်းထားတဲ့ ဥပဒေကြမ်းထက် များစွာပြောင်းလဲမှုရှိတဲ့ အကြောင်း အခုလို ဆိုပါတယ်။

“အများကြီးကွာတာက အရင်တုန်းက ရင်းနှီးတည်ဆောက်သူဆိုတဲ့ အခန်းကဏ္ဍတွေ မပါဘူးပေါ့။ အခုဟာက ရင်းနှီးတည်ဆောက်သူဆိုတဲ့ အခန်းကဏ္ဍတွေ ပါလာတယ်။ နောက်ပြီးတော့ နိုင်ငံတကာပုံစံ Temple Free Zone တို့ Promotion Zone တို့ အဲဒါတွေ ပါလာတယ်။ Free Zone မှာ အလုပ်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ သူတယောက်ဆိုရင် သွင်းကုန် ထုတ်ကုန် အကုန်လုံးကို ဖရီး လုပ်လို့ရမယ်။ နောက် Promotion Zone လုပ်တဲ့ ရင်းနှီးမြှုပ်နှံသူဆိုလို့ရှိရင်လည်း သွင်းကုန်မှာလုပ်တဲ့သူဆိုရင် သွင်းကုန်အတွက် ပေးထားတဲ့ ဂျူတီတွေအတွက် အခွန်တွေ ပြန်ရမယ်ပေါ့နော်။”

နိုင်ငံတနိုင်ငံအနေနဲ့  စီးပွားရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့အခါ မျှတဖို့လိုတဲ့အကြောင်းကို သူက ပြောပါတယ်။
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ပြင်ဆင်ချက်မရှိတော့ဘူးဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီးနောက် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းက ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013