DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ
DVB
·
October 10, 2013
ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ
Donate to DVB

မြစ်ကြီးနားမှာ ကျင်းပတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ပြည်ထောင်စုအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးဆွမ်လတ်ဂမ် ခေါင်းဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ နောက်ဆုံးနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရရှိပေမယ့် အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အို ပါဝင်နိုင်ရေး အပါအ၀င်သဘော တူညီချက် ၇ ချက် ရရှိခဲ့တာပါ။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး အကြိုလုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်မယ့်အရာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွန်ဂျာက အခုလို ပြောပါတယ်။

“ကေအိုင်အို အနေနဲ့လည်း တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးဖို့ဆိုတဲ့ အတိုင်းအတာမှာ သူတို့ရဲ့ စီမံချက်ကို အရင်ချပြဖို့ သူတို့ တောင်းဆိုတာဖြစ်တယ်။ ဒါကိုလည်းပဲ နိုင်ငံတော်အစိုးရက သူတို့စီမံချက်ရေးဆွဲထားတဲ့အပေါ်မှာ ဘာအချက်တွေပါတယ်ဆိုတာ ပေးပို့မယ်ဆိုပြီး နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတယ်။ နောက် ကေအိုင်အိုက တခုတောင်းဆိုတာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖိတ်ခေါ်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့လည်း လက်မှတ်ထိုးဖို့အတွက် တောင်းဆိုတယ်။ အဲဒါကိုလည်း အစိုးရဘက်က သဘောတူတယ်ဆိုတဲ့ အပိုင်းမှာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးဆွေးနွေးပြီးတော့မှ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမှာ လာဖို့ မလာဖို့။ လက်မှတ်ထိုးဖို့၊ မထိုးဖို့ဆိုတာ အဲဒီအချိန်မှ သိရမယ်ဆိုပြီး နှစ်ဖက်သဘောတူထားတာရှိတယ်။”

ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အေအနေနဲ့ ပါဝင်မပါဝင်ဆုံးဖြတ်ဖို့ ဒီအောက်တိုဘာလကုန်မှာ လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာ သို့မဟုတ် မြစ်ကြီးနားမှာ ကေအိုင်အိုက ဦးဆောင်ကျင်းပမှာဖြစ်တယ်လို့လည်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးတဲ့ အချက်တွေထဲမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု တွေ ထပ်မံမဖြစ်ပွားစေရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့၊ စစ်ရှောင်ကချင် ဒုက္ခသည်တွေ မူလနေရာ ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် အခြေခံမူ ၇ ချက်နဲ့ စီမံချက်တရပ် ရေးဆွဲနိုင်ဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူညီပါတယ်။

ဒါ့အပြင် စစ်ရှိန်လျော့ချရေး တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီဖွဲ့စည်းဖို့ သဘောတူညီခဲ့သလို ပြည်သူတွေအသုံးပြုတဲ့လမ်းတွေကို မှန် မှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်းပြီး ဖွင့်လှစ်သွားဖို့လည်း ပါဝင်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့အကြား ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးအတွက် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာ ပါ။

ဒီဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အပါအ၀င် လေ့လာသူအနေနဲ့ ပါတီတွေ၊ အပစ်ရပ်ဖွဲ့တွေနဲ့ သံတမန်အဖွဲ့ စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013