DVB Logo
Home
မြန်မာသတင်း
မယ်စကြ၀ဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံရ
DVB
·
October 10, 2013
မယ်စကြ၀ဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံရ
Donate to DVB

မယ်စကြ၀ဠာ မြန်မာ မိုးစက်ဝိုင်ဟာ တရုတ်သတင်းစာတွေမှာ မြန်မာကိုယ်စားပြု တရုတ်အမျိုးသမီး သွားပြိုင်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အတွက် ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

နှစ်ပေါင်းငါးဆယ်ကြာ မယ်စကြ၀ဠာ ပြိုင်ပွဲနဲ့ ကင်းဝေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှစပြီး ပြန်လည်ပြိုင်ပွဲဝင်ဖို့ လူရွေးချယ်တဲ့အခါ ဒီလ သုံးရကပ်နေ့က မိုးစက်ဝိုင်ကို နိုင်ငံကိုယ်စားပြုပြိုင်ဖို့ မယ်စကြ၀ဠာ မြန်မာအဖြစ် ရွေးချယ်ခဲ့တာပါ။

မယ်စကြ၀ဠာ မြန်မာဖြစ်ပြီး သီတင်းတပတ်မပြည့်သေးခင်မှာ ဦးနေရွေသွေးအောင် ဖိတ်ကြားတဲ့ ပွဲတခုမှာ တက်ရောက်ခဲ့ပြီး အင်တာနက်စာမျက်နှာတွေကနေ ၀ိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါတယ်။

ဒါကြောင့် မယ်စကြ၀ဠာမြန်မာ မိုးစက်ဝိုင်ဟာ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဦးနေရွေသွေးအောင်နဲ့ ဘာမှ မပတ်သက်ကြောင်း မီဒီယာတွေရဲ့ အမေးကို အဓိကထား ဖြေဆိုခဲ့ရတာပါ။

ဒီတကြိမ်ကတော့ သူဟာ Miss Chinese International 2009 ဒုတိယဆုရှင်ဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အတွက် မြန်မာပြည်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှုအပေါ် ဝေဖန်မှုတွေ ဖြစ်ခဲ့တာပါ။

တရုတ်သတင်းစာတွေမှာ မိုးစက်ဝိုင်ကို တရုတ်အမျိုးသမီး Yang Xinrong(ရန်ဆင့်ရုံ) အဖြစ် ဖော်ပြထားပြီး သူဟာ လာမယ့်နိုဝင်ဘာ ရုရှားမှာကျင်းပမယ့် မယ်စကြ၀ဠာပြိုင်ပွဲကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ်လို့ ရေးသားကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ မယ်စကြ၀ဠာ မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မယ်စကြ၀ဠာ ပြိုင်ပွဲဝင်ရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လေ့ကျင့်လုပ်ဆောင်နေလို့ မအားပါဘူးလို့ ပွဲဦးဆောင်ကျင်းပခဲ့တဲ့ Hello Madam မှ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

“သူက အခုအချိန်မှာ အင်တာဗျူးတွေ ဖြေဖို့ အစီအစဉ်မရှိပါဘူး။ ဟိုနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မီဒီယာအားလုံးနဲ့ ဖြေပြီးပြီဆိုတော့ ပြန်လာမှပဲ ဖြေပေးမယ်လို့ ညီမတို့ကို ပြောထားလို့ပါ။”

အဲဒီအေဂျင်စီက မီဒီယာကို ဖြေဆိုဖို့ တာဝန်ရှိသူ ဦးချမ်းလင်းသူကတော့ မိုးစက်ဝိုင်ရရှိတယ်ဆိုတဲ့ ဆုဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ဆုမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ပွဲကနေ ပေးတဲ့ဆုသာဖြစ်တယ်လို့ ဖြေပါတယ်။

“အဲဒီပွဲက တရုတ်ပြည်ကပွဲ မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ စီဒိုးနားဟော်တယ်မှာ ပြုလုပ်တဲ့ပွဲပါ။ နိုင်ငံတကာ ကုန်သည်ကြီးများအသင်းရဲ့ နှစ်ပတ်လည်ပွဲပါ။ ကျနော်တို့ နာမည်နဲ့ ဂုဏ်သိက္ခာက လူနည်းစုကြောင့် ထိခိုက်ပါတယ်။”

သူတို့ဟာ မယ်စကြ၀ဠာမြန်မာဆုရွေးချယ်ပွဲကို မယ်စကြ၀ဠာအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဖြည့်စွက်ပြောဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက နာမည်ကြီး မော်ဒယ်အေဂျင်စီတခုဖြစ်တဲ့ စတားအေဂျင်စီက ဦးဂျွန်လွင်ကတော့ မယ်စကြ၀ဠာမြန်မာဆုရွေးချယ်ပွဲနဲ့ ပတ်သက်လို့ အမှတ်ပေးပုံအပေါ် ဝေဖန်ပြောဆိုပါတယ်။

“ပွဲမစခင်မှာ ကန့်သွင်းတဲ့အချိန်မှာ အမှတ် ၇၀ ပေးတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က အမှတ် ၃၀။ ဖုန်းပြောရင် အမှတ်လျော့တယ်၊ အိပ်ရာထ နောက်ကျရင်လည်း အမှတ်လျော့တယ်တဲ့။ စည်းကမ်းဘောင်ကလည်း စည်းကမ်းပေါ့နော်။ စည်းကမ်းထက် တကယ်ဖြစ်နိုင်တာလား။ ဖြစ်သင့်တာလား။ ဖြစ်စေချင်တဲ့လူလား။ အဲဒီလိုမျိုး စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်။ အမှတ် ၇၀ ကို ဆုံးဖြတ်တယ်ဆိုတာ သူတို့ Miss Universe အမှတ်ပေး စည်းမျဉ်းကိုလည်း မသိဘူးလေ။ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရအောင် စင်နောက်မှာ လုပ်ထားတဲ့အတွက်ကြောင့် သူတို့ပေးချင်တဲ့သူကို လက်သိမ့်ထိုးပြီး ပေးလို့ရအောင် ဖန်တီးထားတယ်လို့ပဲ မြင်တယ်။ ”

ရုရှားနိုင်ငံမှာ လာမယ့်နိုဝင်ဘာ ၉ ရက်နေ့ကျရင် နိုင်ငံပေါင်းစုံ မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013