ရန်ကုန်မြို့မှာ တပ်မတော်ထောက်ခံဆန္ဒပြသူတွေ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်က ထွက်လာပြီး ပြည်သူလူထုတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ ပစ္စည်းတွေ လုယက်တာနဲ့ ကားတွေကို ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

ရန်ကုန်မြို့လယ်ဆူးလေဘုရားအနီး ဆန္ဒပြပြီး ပြန်လာတဲ့ စစ်တပ်ထောက်ခံသူတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်း သိမ်ဖြူမီးရထား၀င်းရှိ ပြည်သူတွေကို သံတုတ်တွေ၊ လေးခွတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။
ဒီနောက် ရပ်ကွက်နေ ပြည်သူတွေက စစ်တပ်ထောက်ခံသူတွေ လိုက်ပါလာတဲ့ ကား ၂ စီးကို ပိတ်ပြီး ကားပေါ်မှာပါလာသူတွေကို ဖမ်းဆီးစစ်ဆေးရာခဲ့ရာမှာ နေ့စားခယူပြီး လိုက်ပါဆန္ဒပြခဲ့ကြသူတွေဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင် မီဒီယာတွေရှေ့မှောက် ဝန်ခံ ထွက်ဆိုခဲ့ကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက်တွေကိုလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက ရန်မူခဲ့တယ်လို့ အဆိုပါ ဖြစ်စဉ်ကို သတင်းသွားယူတဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့နဲ့ ဖြစ်တာက အဲဒီမြို့နယ်က ကြံ့ခိုင်ရေး ဥက္ကဋ္ဌ၊ အဲဒီလူက တောင်ဥက္ကလာက သူတို့လူတွေ ဒီအထဲထဲမှာ ရှိနေတယ်ပေါ့ ဖုန်းဆက်လို့ လာတာလို့ပြောတယ်။ အဲဒီမှာ ရဲတွေလည်း ရှိတယ်။ ကျနော်တို့က မေးတယ်၊၊ ကျနော်တို့မှာလည်း မေးထားတာရှိတာကိုး သူ့တို့ကို ပိုက်ဆံပေးခိုင်းတယ်လို့ ပြောထားတာကို အဲဒါဟုတ်လား မဟုတ်လား ကျနော်တို့က မေးတော့ အဲဒီမှာတင်စပြီးတော့ ပြဿနာတက်တာ၊ မီဒီယာသမားတွေကို အဲဒီထဲက ပါလာတဲ့ တစ်ယောက်ကထိုးတာ”
ရပ်ကွက်မှာ ဖမ်းဆီးခံထားရတဲ့ နေ့စားဆန္ဒပြသမားတွေကိုတော့ ရပ်ကွက်နေပြည်သူတွေက မေးမြန်းစစ်ဆေးပြီး ရဲလက်အပ်နှံခဲ့ပါတယ်။
စစ်တပ်ထောက်ခံဆန္ဒပြသူတချို့ဟာ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ ရပ်ထားတဲ့ ကားရဲ့ မှန်ကို ရိုက်ခွဲပြီး ကားသမားဆီက ဖုန်းယူဆောင်ထွက်ပြေးသွားကြောင်း ဖုန်းလုယူခံရတဲ့ ကာယကံရှင်က ပြောပါတယ်။
“ကျနော့်ဖုန်းတွေလည်းလုသွားတယ်။ ရိုက်ခွဲသွားတယ်။ ကျနော့်ကားမှန်လည်း ရိုက်ထုသွားတယ်။ ဒီကောင်တွေ စစ်တပ်ဘက်ကကောင်တွေ။ တပ်မတော်ထောက်ခံ ပွဲလုပ်တဲ့လူတွေ။ကျနော့်ကားတွေထုခွဲသွားတယ်၊ ကျနော့်ရင်ဘတ်ကို ထိုးတယ်၊ ကျနော့်ကိုဆဲတယ် ဒီကောင်တွေက၊ ကားရပ်ပေးထာတာကို ကားဒီနားမှာရှုပ်တယ်ဆိုပြီး အကုန်လုံးထုခွဲသွားတာ၊ နားကြပ်ပါသွားတယ် ဖုန်းလည်းပါသွားတယ်”။
စစ်တပ်ထောက်ခံသူတချို့ကတော့ လမ်းပေါ်ထွက်ဆန္ဒပြချိန် ဆူးလေဘုရားလမ်းမှာ ဈေးရောင်းနေတဲ့ စျေးသည်တစ်ဦးရဲ့ ရေသန့် အအေးတွေကိုလည်း အဓမ္မ ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ပစ္စည်းလုယူခံရတဲ့ ဈေးသည်က ပြောပါတယ်။
“ဈေးရောင်းတာ အဲဒါကို အတင်းလိုက်ပြီးတော့ အကုန်ပါသွားတာ တစ်ခုမှမရတော့ဘူး။ အချိုရည်တွေဘာတွေ အရင်းတင် ကျပ်လေးသောင်းဖိုးလောက်ရှိတယ်။ ဘာမှမပြောချင်ဘူး ဝေတယ်ထင်ပြီး ယူသွားတာ နေမှာ။ ငတ်ပြတ်နေတာ မမြိုနိုင်ဘူး မစို့နိုင်ဘူးသူတို့”
အလားတူ အလံပြဘုရားလမ်းပေါ်မှာ ရပ်ထားတဲ့ အန်အယ်လ်ဒီ အလံတပ်ထားတဲ့ ကားတွေကိုလည်း စစ်တပ်ထောက်ခံသူတွေက ရိုက်ခွဲဖျက်ဆီးတာတွေရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။
ဖဆပလ တိုက်ခန်းတွေအနီးမှာတော့ သံပုံးတီးကန့်ကွက်တဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံသူတွေကလေးခွနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထောက် တစ်ဦးက ပြောပါတယ်။
“ ဖဆပလထိပ်မှာဖြစ်တာကတော့ သူတို့ပြန်တာ ပြန်တဲ့အချိန်မှာ ရပ်ကွက်ထိပ်မှာ နေတဲ့ လူတွေက သူတို့ကို သံပုံးတီးပြီး မောင်းထုတ်တာ၊ အဲတာ သူတို့ လူတန်းကြီးကုန်သွားချိန်မှာ နောက်မှာလိုက်လာတဲ့သူတို့ ကား ၂ စီး ၃ စီးလောက်ပါတယ်၊ အောင်ဆန်းကွင်း သမ္မတရုံကွေ့နားလောက်ကတည်းက အဲဒီကား ပေါ်ကနေ အောက်မှာရပ်နေတဲ့ သူတွေကို လေးခွနဲ့ ပစ်လာတာ။ ရပ်ကွက်ထဲက ရပ်ကြည့်နေတာ အမျိုးသမီးတွေများတယ်ဆိုတော့ ဝင်ပြီး ပြေးကြတာ ”။
စစ်မှုထမ်းဟောင်းတချို့နဲ့ စစ်တပ်ထောက်ခံသူတွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ ဘူတာကြီးရှေ့နဲ့ အလံပြဘုရားလမ်း ၊ ယောက်လမ်းအနားမှာ လူစုပြီး နိုင်ငံတော်အလံတွေ ၊ ပိုစတာတွေကိုင်ဆောင်ကာ ဆူးလေဘုရားအနီးလှည့်လှည် တပ်မတော်ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်ကြတာပါ။
တပ်မတော်ထောက်ခံ ဆန္ဒပြသူတွေကို ပြည်သူလူထုတွေက သံပုံးတွေတီး ကားဟွန်းတွေ တီးကာ ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။