DVB Logo
Home
မြန်မာသတင်း
စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံးဝမအ၀င်မခံ
DVB
·
October 10, 2013
စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံးဝမအ၀င်မခံ
Donate to DVB

စားသုံးရန်မသင့်တဲ့ဆီတွေ မြန်မာနိုင်ငံအတွင်းကို လုံးဝအ၀င်မခံပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပကနေ ၀င်ရောက်တဲ့ စားအုန်းဆီကို အားထားနေရတဲ့ မြန်မာပြည်ဈေးကွက်မှာ ဆီအရောအနှောတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့   မေးမြန်းရာမှာ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

“စားသုံးရန် မသင့်ဘူးဆိုတဲ့ကတည်းကိုက ကျနော်တို့က အဲဒါကို လုံးဝ ခွင့်မပြုတာပဲ။ တင်သွင်းဖို့ကိုလည်း လုံးဝ လက်မခံဘူး။ တင်သွင်းလာလို့ ဆိပ်ကမ်းရောက်တဲ့ဟာက သတ်မှတ်တဲ့ အရည်အသွင်းမပြည့်မီဘူးဆိုရင်လည်း ကျနော်တို့က ဆိပ်ကမ်းကနေ ထုတ်ယူခွင့် ပေးမယ့် အကောက်အခွန်တို့လို စီးပွားကူးသန်း ၀န်ကြီးဌာနရဲ့ စမ်းသပ်မှုနဲ့ စစ်ဆေးရေး လုပ်ငန်းတို့လို ဒါဟာ စားသုံးဖို့မသင့်ပါဘူး၊ ထုတ်ယူခွင့်မပြုနိုင်ပါဘူးလို့ ပြောထားတဲ့အတွက် အဲဒီဆီတွေက ဈေးကွက်ထဲကို မရောက်ဘူး။ မြန်မာနိုင်ငံကို မ၀င်ဘူးလို့ မပြောလိုဘူး။ ၀င်ရင်လည်း  ကျနော်တို့က ခွင့်မပြုဘူး။ အများပြည်သူလက်ထဲကို မရောက်ဘူး။”

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စားသုံးဆီစားသောက်မှု အတိုင်းအဆဟာ ပိုမိုသလို အရည်အသွေးမပြည့်တဲ့ စားသုံးဆီတွေ ၀င်ရောက်မှုကို အစိုးရဘက်က နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခြင်းမရှိတာ နှစ်နဲ့ချီ ကြာမြင့်နေတာ ဖြစ်ပါတယ်။

စားသုံးဆီစားသုံးမှုရဲ့ နောက်ဆက်တွဲရောဂါတွေနဲ့ ပတ်သက်လို့လည်း ပညာရှင်တွေက စားအုန်းဆီစားသုံးမှုကို လျော့ချဖို့ သတိပေးနေပါတယ်။

စားသုံးရန်မသင့်တဲ့ဆီတွေနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ထင်ရှားတဲ့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဈေးကွက်အတွင်းက စားသုံးဆီတွေနဲ့ ပတ်သက်လို့ သူ လေ့လာထားချက်ကို ခုလိုပြောပါတယ်။

“ထင်သွင်းတာကို ကျနော်တို့က မပိတ်ပင်ပါဘူး။ ဒါပေမယ့် စားသုံးလို့ရတဲ့အဆင့် စီးပွားကူးသန်းက သတ်မှတ်ထားတဲ့ ၈ ဒီဂရီ စင်ဒီဂရိတ်ထက် မနှိမ့်တဲ့ အဆင့်မျိုးဖြစ်ရမယ်။ အခု အများစုက ဘယ်သူတွေ သွင်းလဲတော့ မသိဘူး အန္တရာယ်ရှိတဲ့ စားသုံးဆီတွေဖြစ်နေပါတယ်။”

စားသုံးဆီအရောအနှောတွေ ဈေးကွက်မှာ ရှိတယ်ဆိုပေမယ့် မြန်မာတွေရဲ့ ဆီစားသုံးမှု ကတော့ ဈေးနှုန်းအရ တွက်ခြေကိုက်မှုအပေါ် တွက်ချက်ပြီး အန္တရာယ်ရှိမှန်း သိပေမယ့် စားသောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဗဟိုကော်မတီဝင် ဦးစိုးထွန်းကတော့ ဈေးကွက်အတွင်း စားသုံးဆီတွေ အရောအနှောပါနေတာဟာ တင်သွင်းသူရော၊ ခွင့်ပြုသူရော လိုက်နာသင့်တဲ့ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်နေလို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။

“စားသုံးဆီနဲ့ ပတ်သက်လို့ အရည်အသွေး ပြည့်ဝတယ်၊ မပြည့်ဝဘူးဆိုတဲ့ ကိစ္စက နိုင်ငံတကာမှာ ဆီအဆင့်အတန်းက ရှိပြီးသား။ လိုက်နာမယ်ဆိုရင် စားသုံးရန် သင့်တော်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဆီလို့ သတ်မှတ်လို့ရတယ်။ တင်သွင်းတဲ့သူတွေကော စစ်ဆေးတဲ့ သူတွေကော အားလုံးသည် ဆီအဆင့်အတန်းကို နားလည်မယ် လိုက်နာမယ် စေတနာထားပြီး အလုပ်လုပ်မယ်ဆိုရင် အရည်အသွေးမပြည့်တဲ့ဆီ ၀င်လာစရာ အကြောင်းမရှိဘူး။ သွင်းတဲ့ လူတွေက လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်။ မလိုက်နာနိုင်ပဲနဲ့ သွင်းနေတယ်ဆိုရင် ပြင်းထန်စွာ သတိပေးတာတို့ ငွေဒဏ်ထောင်ဒဏ်ပေးမယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ”

မြန်မာနိုင်ငံမှာ ၁ နှစ်ကို စားသုံးဆီတန်ချိန် ၆ သိန်း လိုအပ်နေတဲ့အတွက် ပြည်ပမှ စားအုန်းဆီ တင်သွင်းနေရပြီး ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုက တနိုင်ငံလုံးစားသုံးမှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်နိုင်သေးပါတယ်။

စားအုန်းဆီ အရောအနှောနဲ့ အန္တရာယ်ကို စာနယ်ဇင်းလောကနဲ့ မီဒီယာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေပေမယ့် စားအုန်းဆီအရောအနှော နှိမ်နင်းရေးကို သက်ဆိုင်ရာ ထိထိရောက်ရောက်ကိုင်တွယ်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013