DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ ကယားတိုင်းရင်းသားပါတီ ၂ ခု မတက်
DVB
·
February 24, 2021
ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ ကယားတိုင်းရင်းသားပါတီ ၂ ခု မတက်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို  တက်ရောက်မှာမဟုတ်ဘူးလို့  ကယားပြည်နယ် အခြေစိုက်ပါတီ ၂ ခုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြောခွင့်ရသူ ဦးသဲရယ်က ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခံထားရကြောင်းနဲ့ ပါတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တွေ့ဆုံပွဲကို တက်မှာမဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ မတက်ဘူးဆိုပြီးတော့ အဲလို ဆုံးဖြတ်ထားတာပေါ့နော်။ လက်ရှိအခြေအနေမှာက တိုင်းပြည်ရဲ့ မငြိမ်မသက်တဲ့အချိန်လည်း ပြောလို့ရတယ်။ ပြောချင်တာကတော့ ပြည်သူလူထု သဘောမကျတဲ့ အာဏာသိမ်းတဲ့တပ်မတော်ကို သွားပြီးတက်ရောက်မယ်ဆိုလို့ရှိရင် နောက်လိုက်နောက်ပါဆိုတဲ့ပုံစံမျိုး ဖြစ်သွားမှာဖြစ်တဲ့အတွက် လူထုကို အဓိက မျက်နှာမူပြီးတော့မှ ဆုံးဖြတ်ရတာဖြစ်တယ်။ နောက်တချက်က ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ပေါ့နော်။ အဓိကစစ်အာဏာရှင်ကို၊ အာဏာရှင်ကို မကြိုက်ဘူးဆိုတဲ့ အချက်တချက်ရယ်၊ နောက်တခုက ဖယ်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ရပ်တည်သွားမယ်ဆိုတဲ့ အချက်တချက်ပေါ့နော်။ အဓိက  ပါတီရဲ့ပေါ်လစီ ကိစ္စရပ်တွေပေါ့နော်။ လက်ရှိဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကကလည်း ကျနော်တို့ မသိနိုင်တဲ့အတွက် ကျနော်တို့ ပါတီဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတော့ ဒီအစည်းအဝေးကို တက်လို့မဖြစ်ဘူး။ တက်လို့ မသင့်တော်ဘူး ဆိုပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ ”

အလားတူ ကယားပြည်နယ်အခြေစိုက်ပါတီတခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီကလည်း ကယန်းအမျိုးသားပါတီရဲ့ မူလ ရပ်တည်ချက်အတိုင်း ခရီးဆက်မှာဖြစ်ပြီး ပြည်သူနဲ့ တသားတည်း ရပ်တည်သွားမှာဖြစ်ကြောင်းနဲ့ အဆိုပါ တွေ့ဆုံပွဲကို  ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း လည်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။  

ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကလည်း အဆိုပါအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့  ပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013