
မသန်စွမ်းအသင်းအဖွဲ့တွေ ပူးပေါင်းပြီး မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုဖို့အတွက် နောက်ဆုံးအဆင့် ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်သွားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို မသန်စွမ်းအသင်းအဖွဲ့တွေ ဖြစ်ကြတဲ့ မျက်မမြင်၊ကိုယ်အင်္ဂါမသန်စွမ်း၊ နားမကြားသူများ ၊ရွှေမင်းသားဖောင်ဒေးရှင်းနဲ့ ဧဒင် ကလေးများ ပြုစုပျိုးထောင်ရေး ရိပ်မြုံအဖွဲ့တွေ အားလုံး စုပေါင်းပြီး အပြန်အလှန် ဆွေးနွေးအဖြေရှာခဲ့ ကြပါတယ်။
ဦးဆောင်ဆွေးနွေးတဲ့ Working Group 17 ယောက်ကနေ ကာယကံရှင် မသန်စွမ်းသူတွေ၊ မိသားစုဝင်တွေနဲ့အတူ လူမှုဝန်ထမ်းဦးစီးဌာနက ပြဌာန်းထားတဲ့ ဥပဒေမူကြမ်း ၁၇ ခန်းအပေါ် ပြန်လည် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “Working Group ၁၇ ဦးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရေးဆွဲထားတဲ့ မသန်စွမ်းသူများအတွက် အချက်အလက်တွေကို ဒီက မသန်စွမ်းညီအကိုတွေနဲ့ မီဒီယာတွေကို ချပြပြီးတော့ သဘောထားတွေယူမယ်။ ပြီးရင် အချောပြန်ရေးပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိမယ်ပေါ့။ ဒီအချက်တွေထဲက အဓိကအချက်အဖြစ် အခန်း ၃ မှာ ပြဌာန်းထားတဲ့ မသန်စွမ်းတွေရဲ့အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းရာမှာ ဥက္ကဋ္ဌကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအစား နိုင်ငံတော်ရဲ့ဒုတိယသမ္မတအဖြစ် ပြန်လည်ပြင်ဆင်ထားပါတယ်။” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယမှာ ဦးသိန်းလွင်က “ကျနော်တို့နဲ့ လူမှုဝန်ထမ်းဌာနနဲ့ ကွဲလွဲတဲ့ အကြီးဆုံးအချက်ကတော့ ကျနော်တို့က ကျနော်တို့နဲ့ ပတ်သက်တဲ့ အမျိုးသားကော်မတီ ဖွဲ့တဲ့အခါမှာ ဒုတိယသမ္မတသည် ကျနော်တို့ရဲ့ ဥက္ကဋ္ဌ ဖြစ်ရမယ်” လို့ ရှင်းပြပါတယ်။
မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို ၂၀၁၁ ခုနှစ်မှာ မသန်စွမ်း ၁၀ ဦးကနေပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနကို စတင်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကနေမှ လူမှုဝန်ထမ်းဦးစီးဌာနကနေပြီး ၂၀၁၃ ခုနှစ်မှာ မသန်စွမ်းတွေရဲ့ အခွင့်အရေး မူကြမ်းကို ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာတော့ ထုတ်ပြန်ထားတဲ့ ဥပဒေ ၆၆ ချက်အပေါ် ကာယကံရှင် မသန်စွမ်းတွေကနေ နှစ်ဖက်လက်ခံနိုင်မှုရှိမဲ့ ပြန်လည်ဖြည့်စွက်မှုတွေ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ မသန်စွမ်းသူများ အရေအတွက်က အငြင်းပွားမှုတွေ ရှိနေသေးပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဖွံ့ဖြိုးမှုနေရာဒေသအလိုက် လူ ၁၀၀ မှာ ၇ယောက်ကနေ ၈ ယာက်က မသန်စွမ်းသူတွေ ဖြစ်နေပါတယ်။











