DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး ယူအန်အက်ဖ်စီ ဘုံသဘောတူညီချက်များ ရရှိ
DVB
·
October 9, 2013
အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး  ယူအန်အက်ဖ်စီ ဘုံသဘောတူညီချက်များ ရရှိ
Donate to DVB

အစိုးရက ကမ်းလှမ်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးပွဲနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးနေကြပြီး ဘုံသဘောတူညီချက်တွေ ၈၀ ရာ ခိုင်နှုန်း ရရှိခဲ့ပြီလို့ အဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_36331" align="alignleft" width="300" caption=" ဗိုလ်မှူးကြီး ခွန်ဥက္ကာ"][/caption]အဓိကအားဖြင့် အစိုးရနဲ့ လက်မှတ်ရေးထိုးတဲ့အခါမှာ ပါဝင်သင့်တဲ့ အချက်နဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ၊ ယူအန်အက်ဖ်စီရဲ့ ဘုံရပ်တည်ချက် သဘောထားတွေ ရရှိခဲ့ပြီး မနက်ဖြန် မနက်ပိုင်းမှာတော့ အားလုံးကို အပြီးသတ်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

“ဒီနေ့ကတော့ ယူအန်အက်ဖ်စီ ၁၁ ဖွဲ့ထဲမှာ လက်မှတ်ထိုးပွဲကို ပြုလုပ်နိုင်ဖို့ လိုအပ်ချက်တွေကို တင်ပြကြတယ်။ အဲဒါလည်း သဘောတူညီချက်ရပြီ။ အရေးကြီးတဲ့ ခေါင်းစဉ်အနေနဲ့ပြောရရင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပတ်သက်တဲ့ ရပ်တည်ချက် သဘောထားကိုရရှိတယ်။ နိုင်ငံရေးတောင်းဆိုချက်အရ ထိပ်သီးအစည်းအဝေးတရပ် ခေါ်ယူဖို့ သဘောထား ချမှတ်နိုင်ခဲ့ပါတယ်။”

အစိုးရက ဖိတ်ခေါ်ထားတဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပွဲဟာ ယူအန်အက်ဖ်စီ တဖွဲ့တည်းနဲ့တင်မဟုတ်ဘဲ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ သက်ဆိုင်နေတဲ့ အတွက် အခုဆွေးနွေးပွဲက ရရှိလာတဲ့ ဘုံသဘောတူညီချက်ပေါ်မှာ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း ဆက်ပြီး ချပြဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အဲဒီအဖွဲ့တွေ ဖိတ်ခေါ်ထားကြောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့၊ အေဘီ အက်စ်ဒီအက်ဖ်(ကျောင်းသားတပ်မတော်)၊ ဒီကေဘီအေ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီနဲ့ မြောက်ပိုင်းက ၀ တပ်ဖွဲ့ကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

အစိုးရကမ်းလှမ်းထားတဲ့ ဒီလကုန်ပိုင်း ဒါမှမဟုတ် နိုဝင်ဘာလဆန်းပိုင်းမှာ တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား ရပ်တည်ချက်တွေ ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်နိုင်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။

“အစိုးရ ကမ်းလှမ်းထားတာက သူတို့ပြင်ဆင်ထားတဲ့ လက်မှတ်ထိုးရမယ့် မူကြမ်းကို ကျနော်တို့က မတွေ့ရသေးဘူး။ ကျနော်တို့က အကြံပေးထားတာက အဲဒီလို ဖိတ်ခေါ်မယ်ဆို ရင်တော့ အားလုံး ပါဝင်လက်မှတ်ရေးထိုးရမယ့် စာချုပ်မူကြမ်းကို နှစ်ဖက်ညှိနှိုင်းပြီးတော့ အရင်သဘောတူထားသင့်တယ်။ တဖက်ထဲက ရေးထားပြီးတော့ ထိုးခိုင်းရင် အခက်အခဲဖြစ်နိုင် တယ်ပေါ့။ ကျနော်တို့ဘက်ကတော့ စာကြမ်းကို ရေးထားတာမရှိဘူး။ စာကြမ်းမှာ ပါသင့်တဲ့ အချက်အလက်တွေကိုတော့ ရေးထားတာရှိပါတယ်။”

ဒါ့အပြင် ယူအန်အက်ဖ်စီရဲ့ လက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေတွေ ပြင်ဆင်ဖို့ရှိပြီး ပြင်ဆင်ရေးအတွက် ဒီဆွေးနွေးပွဲကနေ ၇ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သလို ဆောင်ရွက်ချက် လမ်းညွှန်မှုတွေ ပေးခဲ့ကြောင်း၊ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ယူအန်အက်ဖ်စီ ညီလာခံမှာ တင်ပြဖို့ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013