DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်ကို ယဉ်ကျေးမှုအမွေအနှစ် စောင့်ကြည့်စာရင်းတွင် ထည့်သွင်း
DVB
·
October 9, 2013
ရန်ကုန်မြို့လယ်ကို ယဉ်ကျေးမှုအမွေအနှစ် စောင့်ကြည့်စာရင်းတွင် ထည့်သွင်း
Donate to DVB

ရန်ကုန်မြို့လယ်ဧရိယာကို ယဉ်ကျေးမှု အမွေအနှစ်နေရာတခုအဖြစ် စောင့်ကြည့်စာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် World Monument Fund က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

[caption id="attachment_44600" align="alignleft" width="300" caption="Photo by Yangon Heritage Trust"][/caption]ကမ္ဘာ့သမိုင်းဝင် အဆောက်အဦတွေ ထိန်းသိမ်းစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ရန်ကုန်မြို့လယ် မြို့နယ် ၇ ခုက သမိုင်းဝင်အဆောက်အဦ ၉၀လောက် စောင့်ကြည့်မယ့်စာရင်းမှာ ပါဝင်ပါတယ်။

အခုလို ကြေညာလိုက်တဲ့အတွက် ရန်ကုန်ကို ကမ္ဘာကပိုပြီး သိသွားမယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ Yangon Heritage Trust က အကြီးတန်း ဆက်သွယ်ရေးအရာရှိ ဒေါ်ရွှေယင်းမာဦးက ပြောပါတယ်။

“ကမ္ဘာက ပိုပြီးသိသွားမှာပေါ့။ ဒီနေရာမှာ သမိုင်းအမွေအနှစ်တွေ ရှိသေးတယ်။ ဒီအမွေအနှစ်တွေကို ကာကွယ်ဖို့ လိုအပ်နေတယ်။ ကာကွယ်ရုံတင်မဟုတ်ဘဲ စီးပွားရေး အရင်းအမြစ်တခုအနေနဲ့ ဒီကနေ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ်၊ ရှာဖွေလို့ ရနိုင်သေးတယ်ဆိုတာကို ကမ္ဘာ ပိုသိသွားနိုင်မယ်။ ကမ္ဘာရဲ့ အာရုံစိုက်မှုကိုလည်း ပိုရလာမှာပါ။ လက်ရှိကတော့ စောင့်ကြည့်တဲ့အပိုင်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာတွေ လိုအပ်ရင် သူတို့ဘက်က ကူညီနိုင်တာတွေ ရှိပါတယ်။”

ရန်ကုန်မြိုမှာ သမိုင်းဝင်အမွေအနှစ်အဆောက်အဦးပေါင်း ၁၈၉ လုံးရှိပြီး၊ မြို့လယ် ၇ မြို့နယ်ဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားနဲ့ ဆိပ်ကမ်းမြို့နယ်တို့ အတွင်းမှာ သမိုင်းဝင်အဆောက်အဦ ၈၉ လုံး တည်ရှိနေပါတယ်။

ရန်ကုန်မြို့လယ်ဧရိယာအတွင်း ထင်ရှားတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေထဲ ၀န်ကြီးများရုံး၊ တရားရုံးချုပ်၊ ရန်ကုန်မြို့တော်ခန်းမတို့ကို လူသိများပါတယ်။ ဒီအထဲက တချို့ အဆောက်အဦတွေကို အစိုးရက လုပ်ငန်းရှင်တွေကို ဟိုတယ်နဲ့ တခြား စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းတွေ လုပ်ခွင့်ပေးခဲ့တဲ့အတွက် ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ဖြစ်ပွဲခဲ့ဖူးပါ တယ်။

ရန်ကုန်က သမိုင်းဝင်အဆောက်အဦတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရာမှာ ဒီအဆောက်အဦတွေကို ပြည်သူတွေ တန်ဖိုးထားတတ်အောင် မီဒီယာတွေက ပညာပေးဖို့လိုမယ်လို့ ရန်ကုန်မြို့လယ်မှာနေတဲ့ စာရေးဆရာ ချစ်ဦးညိုက ပြောပါတယ်။

“ဥပမာ ကျနော်တို့ တရားရုံးချုပ်ကြီးနား ကပ်သွားနေတယ်။ အတွင်းဝန်ရုံးနား ကျနော်တို့ လှည့်သွားနေကြတယ်။ အဲဒါတွေဟာ သမိုင်းကြောင်း ကောင်းကောင်းရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတယ်ဆိုတာနဲ့တဲ့ ဒီအတွင်းဝန်ရုံးကြီးက သမိုင်းတန်ဖိုးအတော် ကြီးနေပြီ။ အဲဒါတွေကို သိဖို့အတွက် မီဒီယာတွေက စာပေတွေနဲ့ရော၊ သက်ဆိုင်ရာ ပညာရှင်များအနေနဲ့ရော ပြည်သူလူထုအများစု သိဖို့အတွက် လွယ်ကူတဲ့ ဝေါဟာရနဲ့ ပြည်သူတွေ ဒိုင်းခနဲ၊ ဒိုင်းခနဲ သိသွားအောင် နည်းသစ်၊ လမ်းသစ်တွေနဲ့ counselling (လမ်းညွှန်မှု) ပေးသင့်တယ်လို့ ထင်ပါတယ်။”

အစိုးရအနေနဲ့ ယဉ်ကျေးမှုအမွေ ရှေးဟောင်းအဆောက်အဦးတွေကို စီးပွားရေးတခုထဲ အတွက်ကြည့်ပြီး အလွယ်တကူ ရောင်းချတာမျိုး လုပ်ဖို့ မသင့်ဖူးလို့လည်း ဆရာချစ်ဦးညိုက ပြောပါတယ်။
ရန်ကုန်မြို့ဟာ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေကို အရှေ့တောင်အာရှ ဒေသမှာ အများဆုံး စုဝေးတွေ့နိုင်တဲ့ နေရာဖြစ်တယ်လို့လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့လယ်ကို စောင့်ကြည့်ဧရိယာအဖြစ် သတ်မှတ်ခဲ့တဲ့ အမေရိကန်က World Moument Fund အဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကတည်းက ၂ နှစ်တကြိမ် စောင့်ကြည့်စာရင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ လက်နက်ပိုင်ပဋိပက္ခတွေ၊ သဘာဝဘေးဒဏ် ခံနေရတဲ့နေရာတွေ၊ ဥပေက္ခာပြုခံထားရတဲ့ ကမ္ဘာအနှံ့က ယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013