DVB Logo
Home
မြန်မာသတင်း
လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို
DVB
·
October 9, 2013
လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ်ထဲက ကျေးရွာတချို့မှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖို့အတွက် မြေတူးပြီး မြေစာတွေပုံခဲ့တဲ့ လယ်မြေတွေကို နစ်နာကြေးတွေ ပေးမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်မြေဥယျာဉ်ပိုင်ရှင် ၂၆ ဦးဟာ ဆုံးရှုံးမှုတွေအတွက် ဘာနစ်နာကြေးမှ မရရှိသေးဘူးလို့ ပြောပါတယ်။

တရုတ်နိုင်ငံကို တင်ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မင်းဘူးခရိုင် စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်ယာမြေတွေပေါ်ကို မြေစာတွေ ပုံခဲ့တဲ့အတွက် စိုက်ပျိုးမရတော့သလို ဥယျာဉ်ခြံမြေတွေက အပင်တွေကိုလည်း ခုတ်လှဲ မီးရှို့ခဲ့တဲ့အတွက် အားလုံး ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

စကုမြို့နယ် လက်ပန်တောကျေးရွာနေ ဦးအေးကိုက “ကျနော့် ယာထဲမှာကျတော့ သူတို့ အဆောက်အဦတွေက မြေကြီးတွေ ပုံပြီးတော့ စခန်းချပြီး ယာယီနေအိမ်တွေရော အဲဒီမှာ ချထားပြီးတော့ မပြီးမချင်းလုပ်နေပါတယ်။ ကျနော်ဆိုလို့ရှိရင် ၂ နှစ်လုံးလုံး အဲဒီအဆောက်အဦ ရှိတဲ့အတွက် လုပ်ကိုင်စားလို့ မရပါဘူး။ နောက်တခါ သူတို့အပြီးသတ်မှာ ပိုက်တွေ ဆက်တော့လည်း ပိုက်က လွဲနေတော့ အဲဒါကို နေရာရွှေ့မယ်ဆိုပြီး ပြန်ဖော်တော့ ပိုပြီးတော့ နေရာကြီးက ပိုကျယ်သွားတယ်။ ကျနော်ဆိုရင် ပြီးခဲ့တဲ့နှစ်က မိုးတွင်းမှာ လုံးလုံး စိုက်မစားရဘူး” လို့ ပြောပါတယ်။

လက်ပန်တောကျေးရွာနေ ကိုလှဝင်းက “ကျနော်တို့ ဥယျာဉ်မြေက ပိုက်လိုင်းပေါ့လေ။ အဲဒီတွက် သရက်ပင် ၇ ပင်နဲ့ ကျွန်းပင်က ၂၅ ပင်ပါတယ်။ သူတို့ ဂေါ်နဲ့ ထိုးသွားတဲ့ဟာတွေက အပင်ခြေရင်းမှာ ရောက်ပြီးတော့ ကျန်တဲ့သစ်ပင်တွေ ခြောက်ကုန်တာပဲ။ မီးလောင်တိုက်သွားတယ်ဗျ။ အဲဒီဆုံးရှုံးတဲ့အတွက်ပေါ့လေ။ အသနားခံတင်ပြတဲ့အနေနဲ့ ပြောပြတာပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ မင်းဘူးမြို့နယ် မြေစာရင်းရုံးကို တင်ပြခဲ့တဲအတွက် လာရောက် ကြည့်ရှုပြီး နစ်နာကြေးပေးဖို့ လုပ်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ တစုံတရာ ထူးခြားမှု မရှိတဲ့အတွက် ဒေသခံတွေ မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဦးအေးကိုက “ကျနော်တို့က တင်ပြပြီးသား၊ သူတို့ဘက်ကလည်း ပေးပါမယ်၊ စိတ်ချ ဆိုတာ ပြောပြီးသားပါ။ ဒါပေမယ့် ဒီနေ့အချိန်ထိ ရလည်း မရပါဘူး” လို့ ပြောပါတယ်။

ဒီပိုက်လိုင်းစီမံကိန်းဟာ နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်လို့ လယ်ယာမြေတွေပေါ် ဖြတ်သန်းသွားခဲ့ရင် နစ်နာကြေးကို ကုမ္ပဏီက ထိုက်ထိုက်တန်တန် ပေးတယ်ဆိုပေမယ့် လက်ပန်တောကျေးရွာက လယ်မြေဥယျာဉ်ပိုင်ရှင်တွေ လျော်ကြေးမရဘဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013