DVB Logo
Home
မေးမြန်းခန်း
အာဆီယံဥက္ကဋ္ဌ မြန်မာက အကြီးမားဆုံးစိမ်ခေါ်မှုတွေ ရင်ဆိုင်ရမယ်
DVB
·
October 9, 2013
အာဆီယံဥက္ကဋ္ဌ မြန်မာက အကြီးမားဆုံးစိမ်ခေါ်မှုတွေ ရင်ဆိုင်ရမယ်
Donate to DVB

သမ္မတ ဦးသိန်းစိန်ဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ၂၃ ကြိမ်မြောက် ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မနေ့က ဘရူနိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဒီနေ့မှာတော့ မြန်မာနိုင်ငံက စတင်ပြီး အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမှာဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌဖြစ်လာရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုစိမ်ခေါ်မှုတွေ ကြုံတွေ့ရမလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ရရှိလာမလဲ၊ အစရှိတာတွေနဲ့ပတ်သက်ပြီး အာဆီယံသတင်းစာဆရာ Mr Kavi ကို ဒီဗွီဘီ ရန်ကုန်ဗျူရိုရုံး အကြီးအကဲ ဦးတိုးဇော်လတ်က တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကိုယူတော့မှာပါ။ ဒီအပေါ်မှာ မြန်မာလူမျိုးတွေ ဘာတွေ သိထားသင့်လဲ။ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေက ဘာတွေဖြစ်မလဲ။

“မြန်မာနိုင်ငံဟာ ၁၇ နှစ်အကြာ စောင့်ဆိုင်းခဲ့ပြီးတဲ့အခါမှာတော့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရတော့မှာပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ အလွန်မှ အရေးကြီးတဲ့အချိန်ခါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ပထမအနေနဲ့ကတော့ အာဆီယံနိုင်ငံတွေ တွေ့တဲ့အခါ တယောက်နဲ့ တယောက် ဘယ်လို ပြုမှုဆောင်ရွက်တယ်ဆိုတာကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ မြန်မာဟာ သူများနိုင်ငံတွေမှာပဲ အာဆီယံကို သွားတက်ဖူးပါတယ်။ အိမ်ရှင်အနေနဲ့ ပထမဆုံးဆောင်ရွက်ရမှာပါ။

အာဆီယံနဲ့ဆိုင်တဲ့ အစည်းအဝေးပေါင်း ၃၀၀ ကို လက်ခံ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ တ၀တ်လောက်ကတော့ စီးပွားရေးနဲ့ဆိုင်တဲ့အစည်းအဝေးတွေ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်တွေ၊ အစီအစဉ်တွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ တရားဝင် ရုံးလုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့ ပြင်ထားရမှာပါ။ နောက်နှစ် နိုဝင်ဘာလထဲမှာ အာဆီယံညီလာခံကို ဖော်ဆောင်ပေးရမှာပါ။ ဒီနှစ်မှာလို အောက်တိုဘာလမှာ မဟုတ်ပါဘူး။ ဒီနှစ်ကတော့ အေပက်စ်ညီလာခံနဲ့ သွားတိုက်နေတဲ့အတွက် ခေါင်းဆောင်အများစုက ရက်ရွှေ့ခဲ့တာပါ။ ဒီအချက်အလက်အားလုံးရဲ့ အသေးစိတ်တွေကို မြန်မာအနေနဲ့ သိထားဖို့ လိုပါတယ်။”

ဒီလို အရေးကြီးတဲ့ အစည်းအဝေး ၃၀၀ ကို ဘယ်သူက တာဝန်ခံ ကျင်းပပေးရမှာလဲ။ တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့အခြေအနေ ရှိပါသလား။

“သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရကတော့ လက်တွေ့ အကောင်အထည်ဖော်မှုတွေကို တာဝန်ခံရမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ စီမံကိန်းဌာနနဲ့ ပြန်ကြားရေးဌာနတွေလို ဌာနတခုတည်းက တာဝန်ခံဆောင်ရွက်ရမှာ မဟုတ်ဘဲ မြန်မာပြည်သူတရပ်လုံးက ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်လမ်းမတွေက လူတွေမှာလည်း တာဝန်ရှိပါတယ်။ အာဆီယံနဲ့ ပတ်သက်တဲ့ သံတမန်တွေကိုလည်း တွေ့ရမှာဖြစ်တဲ့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေရင်လည်း အစိုးရကို အပြစ်တင်နေမယ့်အစား အာဆီယံအစည်းအဝေးကြောင့် ပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ နားလည်ထားရမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေက ဒီအစည်းအဝေး ဖြစ်မြောက်အောင်မြင်အောင် ဘာတွေ လုပ်ဆောင်ပေးနိုင်ပါသလဲ။

“ပထမဦးဆုံးအနေနဲ့ မြန်မာမီဒီယာတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ရမှာ ဖြစ်ပါတယ်။ အာဆီယံထဲက မြန်မာအခန်းကဏ္ဍကို ပြည်သူတွေသိအောင် ရေးသားထုတ်လွှင့်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ အာဆီယံနိုင်ငံတွေထဲက အရေးကြီးတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ဥပမာ - စီးပွားရေး ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုတွေ၊ ငြိမ်းချမ်းရေးအတွက် ကာကွယ်လုပ်ဆောင်မှုတွေ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ကာကွယ်လုပ်ဆောင်မှုတွေကို သာမန်ပြည်သူလူထုတွေ နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ကတည်းက မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လာပေမယ့် နိုင်ငံတကာက လက်ခံမှု မရှိခဲ့တဲ့အပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာမှာ အာဆီယံ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာ ပြည်သူတွေ သိအောင် လုပ်ဖို့ လိုပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ အချစ်တော် နိုင်ငံတခုအဖြစ်နဲ့ မျက်နှာပန်းပွင့်လာခဲ့ပါပြီ။”

အာဆီယံမှာ တယောက်နဲ့ တယောက်ချိတ်ဆက်ရမယ်ဆိုတဲ့ connectivity ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၆ က အာဆီယံဥက္ကဋ္ဌလုပ်ခွင့်ရခဲ့လျက်နဲ့ ဥက္ကဋ္ဌအဖြစ် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အခု ၂၀၁၄ မှာရော အဆင်သင့်ဖြစ်ပြီလားဆိုတာ နှိုင်းယှဉ်ပြပေးပါ။

“အာဆီယံမှာ တယောက်နဲ့ တယောက် ချိတ်ဆက်ရမယ်ဆိုတဲ့ connectivity မှာ ၃ မျိုး ရှိပါတယ်။ အရေးကြီးဆုံး ချိတ်ဆက်မှုက institutional အချင်းချင်းချိတ်ဆက်ဖို့ လိုပါတယ်။ မြန်မာ institutional တွေ အားကောင်းလာဖို့ အချိန်တခု လိုပါတယ်။ တခြားချိတ်ဆက်မှုတွေဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ ချိတ်ဆက်ဖို့ ဆိုတာ လွယ်ပါတယ်။ အခုလည်း လမ်းတွေနဲ့ တံတားတွေ ဆောက်ပြီး ဆက်လိုက်ရတာ လွယ်ပါတယ်။ institutional တွေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်ယူဆချက် (mind-set) ချိတ်ဆက်ဖို့က အချိန်လိုပါတယ်။ နောက်ဆုံးတချက်ကတာ့ လူလူချင်းပေါ့။ လူလူချင်း ချိတ်ဆက်ဖို့ကတော့ တိုင်းပြည်ဖွင့်လိုက်တာနဲ့အတူ လူတွေကတော့ အလိုလိုချိတ်ဆက် မိသွားကြတာပဲ။ အခုဆိုရင် လေကြောင်းလိုင်း တော်တော်များများထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ချိတ်ဆက်ပြီးသားဖြစ်နေပါပြီ။ အဲ့ဒါကြောင့် မြန်မာနိုင်ငံကို လူတွေလည်း ပိုလာမှာဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဆိုက်ရောက်ဗီဇာကို ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေလို ထုတ်ပေးဖို့ စဉ်းစားနေပါတယ်။ ခရီးသွားတွေမှာ နိုင်ငံတခုက ဗီဇာရှိတာနဲ့ တခြားနိုင်ငံတွေကို ဗီဇာမလိုဘဲ သွားရောက်နိုင်တာမျိုးကို ဆိုလိုတာပါ။”
အရေးကြီးတဲ့ အာဆီယံ+၆ နိုင်ငံဆိုတဲ့ အစည်းအဝေး ရှိပါတယ်။ အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ အမေရိကန်၊ ရုရှား ၊တရုတ် ၊အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံကို လာရောက်တော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သားတွေ အတွက် ဘာတွေ အကျိုးကျေးဇူးရရှိမှာလဲ။
“အာဆီယံနိုင်ငံဥက္ကဋ္ဌအနေနဲ့ အရှေ့အာရှညီလာခံကို နောက်နှစ် နိုဝင်ဘာလမှာ အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ကြရမှာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ အိုဘားမား၊ ပူတင်၊ ရှီဂျင်းပင်၊ မန်မိုဟန်ဆင်၊ ဩစတြေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့လို အရေးကြီးတဲ့သူတွေ မြန်မာပြည်ကို လာမှာပါ။ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အာဆီယံရဲ့ပြင်ပ ဆက်ဆံရေး ပေါ်လစီတွေကို ပုံသွင်းနိုင်မှာ ဖြစ်ပါတယ်။ အာဆီယံသမိုင်းကြောင်းမှာ မိတ်ဘက်နိုင်ငံများနဲ့ အပြုသဘောဆက်ဆံရေးက အရေးပါတဲ့အခန်းကဏ္ဍက ပါပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်းမှာ အာဆီယံဟာ မိတ်ဘက်နိုင်ငံတွေနဲ့ ကောင်းမွန်စွာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။”
အာဆီယံနိင်ငံတွေမှာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတဲ့ မူဝါဒ ရှိပါတယ်။ မြန်မာပြည်တချို့နေရာတွေမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုမရှိသေးပါဘူး။ အထူးသဖြင့် ကချင် နဲ့ ရှမ်းပြည်ဘက်တွေမှာပါ။ ဒါတွေအတွက် အာဆီယံမူဝါဒတွေထဲ အကျုံးဝင်နိုင်အောင် ဘာတွေလုပ်ဆောင်ပေးရမလဲ။
“ဒါဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရှုထောင့်သစ် ဖြစ်ပါတယ်။ မကြာသေးခင်က အာဆီယံက ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး institute ကို ထူထောင်ခဲ့ပါတယ်။ မြန်မာအနေနဲ့ ဒီ institute ကို အသုံးပြုပြီး လူနည်းစုရေးရာနဲ့ လူမျိုးရေးပဋိပက္ခတွေကို စနစ်တကျလေ့လာပြီး အကြံဥာဏ်ယူပြီး လေ့လာရမှာ ဖြစ်ပါတယ်။”
မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ မြန်မာမီဒီယာတွေအတွက် ဘာများပြောလိုပါသလဲ။
“ဒီဟာကတော့ ရှင်းပါတယ်။ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ ၁၇ နှစ်လုံးလုံး စောင့်ခဲ့ပြီးပါပြီ။ ဥက္ကဋ္ဌနိုင်ငံဖြစ်ဖို့ နောက်ထပ် ၁၀ နှစ် ထပ်စောင့်ရမှာပါ။ ဒီအခွင့်အလမ်းကိုယူပြီး အမျိုးသားရေးနဲ့ ဂုဏ်သိက္ခာကို အကျိုးရှိရှိ အသုံးချ မြှင့်တင်ရမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013