DVB Logo
Home
မြန်မာသတင်း
မြောင်းမြမြို့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြောင့် မြေဈေးတက်
DVB
·
October 8, 2013
Donate to DVB

ကမ္ဘာ့အကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီးသွန်းလုပ်ထားရှိမယ့် ဧရာဝတီတိုင်း မြောင်းမြမြို့ မြစိမ်းတောင် သွားရာလမ်းတကြောက မြေကွက်တွေ ဈေးမြင့်တက်နေပါတယ်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီး သွန်းလုပ်မယ်ဆိုတဲ့သတင်းနဲ့အတူ နိုင်ငံခြားသားတွေ လာရောက်ကြည့်ရှုလေ့လာမယ့် အလားအလာတွေ တိုးပွားတာကြောင့်   မြစိမ်းတောင် တ၀ိုက်က အိမ်ခြံမြေတွေ အ၀ယ်လိုက်နေပါတယ်။

မူလဈေးထက် ၁၀ ဆကျော်အထိ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

လမ်းတွေ၊ မီးတွေ ကောင်းသွားတဲ့အတွက် မြေစာရင်းနဲ့တိုင်းတာပြီး ရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေတွေအထိ အ၀ယ်လိုက်နေတယ်လို့ မြောင်းမြမြို့ဒေသခံ  ကိုသားငယ်က ပြောပါတယ်။

“မသိလို့ ၀ယ်တာလည်း ပါမယ်။ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သတ်မှတ်ထားတဲ့ ကျောက်တိုင်တွေ ရှိတယ်။ ယဉ်ကျေးမှုဇုန်။ မသိနားမလည်တဲ့သူတွေက လျှောက်ဝယ်တာလည်း ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲ ၀င်သွားတော့ ခြံစည်းရိုးလည်း ခတ်မရ၊ အိမ်လည်း ဆောက်မရဖြစ်ဦးမှာ။ လက်ရှိ ရှိနေတဲ့အိမ်တွေက ၀ယ်လက်တွေလာတယ်ဆိုပြီး ၈၀ တို့၊ ၁၀၀ တို့ ဈေးခေါ်တာပေါ့။ အခုဆို ပေ ၄၀-၆၀ တကွက်ကို ၁၅၀ လောက် ဈေးပေါက်တယ်။ ၆ သောင်း၊ ၁ သိန်း၊ ၁ သိန်းခွဲ ဒါပဲ ရှိတာ။”

မြစိမ်းတောင်သာသနာ့နယ်မြေနဲ့ နီးကပ်တဲ့ကုန်းသာကျေးရွာ၊ မြောင်းမြမြိုနဲ့ မြစိမ်းတောင် သာသနာ့မြေကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက်က အိမ်ခြံမြေတွေ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအ၀ယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်အခြေဆိုက် ပြည်တော်သစ် အိမ်ခြံမြေအကျိုးဆောင် ဦးကောင်းခန့်က ငွေကစားချင်သူတွေဟာ နယ်မြေဒေသ တိုးတက်မှုကို ခန့်မှန်းတွက်ချက်ပြီး အိမ်ခြံမြေဈေးတွေကို လှုပ်နေတာလို့ ပြောပါတယ်။

“နယ်ဘက်အကွက်တွေက ကျနော်တို့ ရန်ကုန်သမားတွေက စိတ်ဝင်စားတဲ့သူ သိပ်မများဘူး။ ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ဝင်စားတာက တမျိုး။ အခုလို  Information တွေအရ စိတ်ဝင်စားတာကတော့ ကျနော်တို့ အိမ်ခြံမြေသမားတွေထက် ငွေကစားချင်တဲ့သူတွေက ပိုစိတ်ဝင်စားကြတယ်။ ”

ခေါင်းလောင်းကြီးအတွက် အလှူခံခေါ်ပြီးနောက် ရန်ကုန်က ခရိုနီတွေ ဆင်းဝယ်တဲ့အတွက် မြေဈေးတွေ တက်ခဲ့တာလို့ မြောင်းမြမြို့ခံ ရှေ့နေတဦးက ပြောပါတယ်။

“သတင်းစာထဲမှာ ကြော်ငြာပြီးတော့ အလှူခံတွေခေါ်နေတယ်။ ဒါပေမယ့် အခုထိ မြို့ထဲမှာ လှုပ်ရှားတာ မတွေ့သေးဘူး။ ဒါပေမယ့် မြေဈေးတွေတော့ တအားတက်ကုန်တာပေါ့။ နန်းတော်ဦးကျောင်းတို့၊ မြစိမ်းတောင် ကျောင်းတို့ဘက်က မြို့နဲ့ ၈ မိုင်လောက်ဝေးတော့ ဟိုတုန်းက သိပ်စိတ်မ၀င်စားကြဘူး။ အခုက ရန်ကုန်က ခရိုနီတွေက ၀ယ်ကြပြုကြလုပ်တော့ တော်တော်လေး ဈေးတက်ကုန်ပြီ။”

ကြေးပိဿာချိန် ၂ သိန်းကျော်ကို သွန်းလုပ်သွားမယ့် ဓမ္မမဏ္ဍိုင်ခေါင်းလောင်းကြီး အတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး တဦးလျှင် အများဆုံး ငွေကျပ် ၃ သောင်းအထိသာ လှူဒါန်းခွင့် ပြုထားပါတယ်။

ကမာ့္ဘအကြီးမားဆုံး ခေါင်းလောင်းဟာ မွန်ဘုရင် ဓမ္မစေတီလက်ထက်က  ကြေးနီပိဿာချိန် ၁ သိန်း ၈ သောင်းနဲ့ သွန်းလုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းဖြစ်ပြီး ပုစွန်တောင်ချောင်းမှာ နစ်မြုပ်နေလို့ ပြန်ဖော်ဖို့ ကြိုးစားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဗမာဘုရင် ဘိုးတော်ဘုရားလက်ထက်က ကြေးပိဿာချိန် ၅၅၅၅၅ ပိဿရှိတဲ့ မင်းကွန်းခေါင်းလောင်းဟာလည်း ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတွေထဲမှာ စာရင်းဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013