DVB Logo
Home
ဆောင်းပါး
ဓာတုလက်နက် ဖျက်ဆီးရေးကို ဆီးရီးယား လိုက်နာသင့်
DVB
·
October 8, 2013
ဓာတုလက်နက် ဖျက်ဆီးရေးကို ဆီးရီးယား လိုက်နာသင့်
Donate to DVB

ဆီရီးယားအနေနဲ့ သူ့ရဲ့ ဓာတုလက်နက်တွေ ဖျက်ဆီးရေးကို လိုက်နာဆောင်ရွက် သွားသင့်တယ်လို့ သူတို့ ဆုံးဖြတ်ချက်ချထားကြောင်းနဲ့ ဆီရီးယားငြိမ်းချမ်းရေးညီလာခံအတွက် ရက်သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ခ်ျရော့က အောက်တိုဘာ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာကျွမ်းကျင်သူတွေအဖွဲ့က အောက်တိုဘာ ၆ ရက် တနင်္ဂနွေနေ့မှာ ဆီရီယားရဲ့ ဓာတုလက်နက်စက်ရုံတွေ ဖျက်ဆီးရေးလုပ်ငန်းတွေ စတင်လိုက်ပြီး နောက်တရက်မှာ သူတို့နှစ်ယောက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (အေပက်စ်) ဆွေးနွေးပွဲ အပြင်ဖက်မှာ ၁ နာရီလောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက သဘောတူချမှတ်ထားတဲ့အတိုင်း ဆီးရီးယားရဲ့ လက်နက်တွေကို ၂၀၁၄ ခုနှစ် နှစ်လည်မှာ ဖျက်ဆီးပစ်ဖို့ သေချာအောင် ရုရှားက အရာရာ ဆောင်ရွက်သွားမယ်လို့ ဆာဂျီလက်ခ်ျရော့ ပြောပါတယ်။

“ဒမာစကတ်အနေနဲ့ ဘာတခုအမှ အပြောင်းအလဲမရှိပဲ ပူးပေါင်းလုပ်ကိုင်သွားစေဖို့ ရုရှားဘက်က အရာရာ လုပ်ဆောင်သွားမှာဖြစ်တယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ အရင်လိုမဟုတ်ပဲ ဒမာစကတ်ကို ချီးကျူးလိုက်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်တဲ့အတွက် ဆီရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ကိုလည်း အမှတ်ပေးလိုက်ပါတယ်။

“အာဆတ်အစိုးရက သူတို့လုပ်ရမယ့်ဟာကို ချက်ချင်းလိုက်နာဆောင်ရွက်တဲ့အတွက် သူတို့ကို အမှတ်ပေးဖို့လည်း လိုမယ်လို့ ကျနော်ထင်ပါတယ်။ ဒီအတိုင်း ဆက်သွားလိမ့်မယ်လို့ အခု ကျနော်တို့ မျှော်လင့်ပါတယ်။ ရှေ့လတွေမှာ ဘာတွေဖြစ်မယ်ဆိုတာတော့ ကျနော် ဒီနေ့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် အစ ကောင်းပါတယ်။ ဒါကို ကျနော်တို့ ကြိုဆိုသင့်ပါတယ်။”

နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ ဆီရီးယား ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ရက် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ဖိအားပေးရေးကို သူတို့ ၂ နိုင်ငံ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။
“ဆီရီးယားအတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန် လက်ခါ ဘရာဟီးမီနဲ့ တွေ့ဖို့လည်း ကျနော်တို့ သဘောတူခဲ့ပါတယ်။ ငြိမ်းချမ်းရေးသံတမန် ချမှတ်ထားပြီးသားဖြစ်တဲ့ လုပ်ငန်းဘောင် အတွင်းမှာ ရက်သတ်မှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းသွားမှာပါ။ နိုဝင်ဘာလ ဒုတိယအပတ်ထဲက တရက်ရက် ကိုသတ်မှတ်ပေးဖို့ပါ။ တတ်နိုင်သမျှ မြန်မြန်သတ်မှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းမှာပါ” လို့ ဂျွန်ကယ်ရီက ပြောပါတယ်။

အီရန်နိုင်ငံနဲ့ ဖြစ်နေတာတွေကို အလေးမထားဘဲ အမေရိကန်နဲ့ ရုရှားတို့ဟာ ဒုံးပျံကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆက်ဆွေးနွေးသွားနိုင်ကြောင်းလည်း ဂျွန်ကယ်ရီက ပြောပါတယ်။

သဘောထားပျော့ပျောင်းတဲ့ အီရန်သမ္မသစ် ဟတ်ဆန်ရိုဟာနီက အီရန်ရဲ့ စီးပွားရေးကို အခြေယိုင်စေတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပစ်နိုင်ဖို့ သူ့ရဲ့ နျူကလီယားအစီအစဉ်ပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကာလကြာရှည် အငြင်းပွားနေတာ တွေကို ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင်နေပါတယ်။

အီရန်ဟာ ဂျာမနီနိုင်ငံအပါအ၀င် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်တို့နဲ့ နျူကလီယားအရေးဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အောက်တိုဘာ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ တကျော့ပြန် ကျင်းပမှာ ဖြစ်ပါတယ်။
ဂျွန်ကယ်ရီနဲ့ ဆာဂျီလက်ခ်ျရော့တို့ဟာ လက်ရှိ နျူကလီးယားအန္တရာယ် လျှော့ချရေးသဘောတူညီချက်ကို အသစ်မွမ်းမံထားတဲ့ သဘောတူညီချက်သစ်ကိုလည်း မနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013