DVB Logo
Home
Lead Story
မုသာဝါဒသမားတို့ရဲ့ကျဆုံးခန်း
DVB
·
February 20, 2021
မုသာဝါဒသမားတို့ရဲ့ကျဆုံးခန်း
Donate to DVB

‘လိမ်စရာရှိရင် လိမ်ပါ။ အထပ်ထပ် လိမ်ပါ။ ကြာရင် အလိမ်အညာစကားတွေကို အမှန်အဖြစ် ယုံကြည်လာလိမ့်မယ်” ဆိုတဲ့ ဟစ်တလာရဲ့စကားကို အတော်များများ ကြားဖူးခဲ့ကြပါတယ်။ အဲဒီအလိမ်အညာတွေကပဲ ဟစ်တလာကို ကျရှုံးစေခဲ့တာ။

ရုရှားစစ်မြေပြင်မှာ ဟစ်တလာအတွက် တိုက်ပွဲဝင်နေတဲ့ ဂျာမန်စစ်သည်တော်တွေဟာ အသေအပျောက် အကျအရှုံးများပြီး အနွေးထည်မလုံမလောက်၊ ရိက္ခာမလုံမလောက်နဲ့ အတိဒုတ္ခရောက်နေချိန်ပေါ့။ စစ်ကူနဲ့ရိက္ခာကို တပ်မှူးကြီးဖြစ်သူ ‘ဗွန်ပေါလတ်’က ဟစ်တလာဆီ တောင်းခံလိုက်တယ်။ စစ်ကူနဲ့ ရိက္ခာကလည်း ရောက်မလာတော့ ဗွန်ပေါလတ်ရဲ့တပ်သားတွေ စိတ်ဓာတ်ကျဆင်းပြီး စစ်မတိုက်နိုင်တော့ဘဲ ထိုင်နားနေချိန်မှာ ဂျာမန်ရေဒီယိုကနေ သတင်းတပုဒ်ထုတ်ပြန်လိုက်တယ်။

“အခုဆိုရင် ဗွန်ပေါလတ် ဦးစီးတဲ့ ဂျာမန်တပ်တော်ကြီးဟာ စိန့်ပီတာစဘတ်ကို ဝိုင်းပြီး အောင်ပွဲခံနေပါပြီ”လို့ ကြေညာလိုက်တယ်။ ဗွန်ပေါလတ် အပါအဝင် ဂျာမန်တပ်သားအားလုံး နားမလည်နိုင် ဖြစ်ကုန်တယ်။

တပြိုင်တည်းမှာပဲ အရင်ရက်က ကြေညာသွားတဲ့ ‘အာဖရိကစစ်မြေပြင်မှာ အောင်ပွဲရနေတယ်’။ ‘ဥရောပစစ်မြေပြင်မှာ ဂျာမန်တပ်တွေ အောင်ပွဲခံနေတယ်’ဆိုတဲ့ အပေါ်မှာ သံသယဖြစ်လာကြတယ်။ ဒါတွေဟာ အလိမ်အညာတွေပဲဆိုတာ သိလာကြတယ်။ အဲ့ဒီမှာပဲ ဟစ်တလာအပေါ်  အယုံအကြည်ကင်းမဲ့လာတော့တယ်။

ဟစ်တလာအတွက် ဘယ်သူမှ အသေခံ မတိုက်ချင်ကြတော့ဘူး။ တလျှောက်လုံး  အလိမ်အညာတွေနဲ့ စေခိုင်းခဲ့တယ်ဆိုတာကို သိကုန်ကြတယ်။ နောက်ဆုံးတော့ ဗွန်ပေါလတ်ရဲ့ ဒီဝီဇံတပ်မဟာကြီးတခုလုံး စတာလင်တပ်ရဲ့အောက်မှာ အညံ့ခံလိုက်ကြရတော့တယ်။ ဒါဟာ မုသားဝါဒီတို့ရဲ့ ကျဆုံးခန်းခုပါပဲ။

ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မဆလခေတ်မှာ ကြုံတွေ့ခဲ့ရတယ်။ မဆလသတင်းစာနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ  ဆိုရှယ်လစ်စနစ်ကြီး အောင်မြင်နေကြောင်း နေ့စဉ်ဖတ်နေရ၊ ကြားနေရတယ်။ တကယ့်မြေပြင်မှာက ငတ်နေတာကို ပြည်သူတွေက လက်တွေ့ခံစားနေရတော့ အလိမ်အညာတွေဆိုတာ သိလာတယ်။ ဆိုရှယ်လစ်စနစ် အောင်မြင်နေကြောင်း ကြေညာနေရင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါနေရုံမက ဒေဝါလီပါခံလိုက်ရတော့တယ်။ အဲဒီအလိမ်အညာတွေကြောင့် ပြည်သူလူထုဟာ အုံကြွတော်လှန်ခဲ့တာကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ အားလုံးအသိ။

ဟော အခုလည်း ၂၀၂၀ မဲစာရင်းကို အကြောင်းပြပြီး အရေးပေါ်အခြေနေလို့ အလိမ်အညာတွေနဲ့ ကြေညာရင်း စစ်အုပ်စုတစုက နိုင်ငံတော်အာဏာကို လုယူလိုက်ကြပြန်တယ်။ သူတို့ နိုင်ငံတော်အာဏာလုယူတာကို လက်မခံနိုင်တဲ့ ပြည်သူလူထုကြီးက တခဲနက်အုံကြွ တော်လှန်လာကြတော့တယ်။ အခုမှ တကယ့်အရေးပေါ်အခြေနေကို ရောက်လာခဲ့တာ အားလုံးအသိ။

သတင်းစာရှင်းလင်းပွဲ လုပ်တော့လည်း အလိမ်အညာတွေနဲ့ နိုင်ငံတကာ လှည့်ကွက်ဆင် ပြောနေတာကို မြေပြင်မှာရှိတဲ့ ပြည်တွင်းပြည်ပ လူအများက သိနေလေတော့ သူတို့အလိမ်အညာကို ယုံကြည်မယ့်သူ မရှိတော့ဘူး။ အဲ့ဒီမှာ မုသားဝါဒီတို့ ကျဆုံးခန်း စတော့တာပါပဲ။

ပြန်လည်သုံးသပ်ကြည့်တော့ ဟစ်တလာကာလနဲ့ မဆလကာလတွေက အလိမ်အညာတွေဟာ အခုခေတ်လောက် ဆက်သွယ်ရေးနည်းပညာတွေက မကောင်းတာကြောင့် အချိန်တခုအတွင်းထိ လိမ်ညာအနိုင်ယူနိုင်ခဲ့ပေမယ့် ဒီနေ့ခေတ်ရဲ့ လူမှုဆက်သွယ်ရေး နည်းပညာကြောင့် အချိန်တိုအတွင်းမှာတောင် အလိမ်အညာတွေဟာ ပေါ်လွင်လာခဲ့တယ်။

ဒီနေ့လိမ် ဒီနေ့ပေါ်ဖြစ်လာတဲ့အတွက် အာဏာရှင်တို့ ကျင့်သုံးလေ့ရှိတဲ့ အလိမ်အညာ မုသာ  ဝါဒကိုးကွယ်သူတွေလည်း  အချိန်မကြာမီ ကျဆုံးသွားတော့မှာ အမှန်ပင်ဖြစ်ပါကြောင်း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013