NATO မဟာမိတ်အဖွဲ့ကြီး စည်းလုံးညီညွတ်ရေးနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဗြိတိန်ဘုရင် ချားလ်စ်က တောင်းဆိုသွားပါတယ်။
၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ရောက်နေတဲ့ ချားလ်စ်ဘုရင်က သမိုင်းဝင်မိန့်ခွန်းကို ဧပြီ ၂၈ ရက်မှာ ပြောကြားခဲ့တာပါ။
ဒါဟာ မဟာမိတ်နှစ်နိုင်ငံကြား ကုန်သွယ်ရေးအရ ဆက်ဆံရေးတင်းမာနေချိန်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က NATO အဖွဲ့ဝင်နိုင်ငံတွေကို ဝေဖန်ပြောဆိုမှုတွေ ရှိနေချိန်၊ ရုရှားရဲ့ ယူကရိန်းအပေါ် ဆက်လက်ကျူးကျော်မှုနဲ့ အီရန်စစ်ပွဲ စတဲ့ အရေးကြီးအခိုက်အတန့်တွေနဲ့ပါ တိုက်ဆိုင်လို့ နေပါတယ်။
ဒါကြောင့် ၂ နိုင်ငံဆက်ဆံရေး ပြန်ကုစားတဲ့အနေနဲ့ ချားလ်စ်က “အခုလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ အခါသမယမှာ ကျနော် ရောက်လာရတာဟာ အမေရိကန်ပြည်သူတွေအပေါ် ထားရှိတဲ့ ဗြိတိန်ပြည်သူတွေရဲ့ အမြင့်မားဆုံးသော လေးစားမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ဖို့အတွက်ပါ” ဆိုပြီး မိန့်ကြားပါတယ်။
အဲဒီနောက် ၂ နိုင်ငံကြား “ဒေါ်လာ ၄၃၀ ဘီလီယံအထိရှိတဲ့ နှစ်စဉ် ကုန်သွယ်ရေးပမာဏဟာ ဆက်တိုးတက်နေပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံကလည်း ဆန်းသစ်တီထွင်မှုတွေကို အားဖြည့်ပေးနေပါတယ်” လို့ ဖြည့်စွက်ပြောသွားပါတယ်။
ဒါ့အပြင် ရီပတ်ဘလစ်ကန် အများစု ထိန်းချုပ်ထားတဲ့ ကွန်ဂရက်လွှတ်တော်မှာ ယူကရိန်းအတွက် ရန်ပုံငွေထောက်ပံ့ရေးကိစ္စကိုပါ ချားလ်စ်က ဆက်လက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင်ကို ရည်ညွှန်းပြီး ချားလ်စ်က “ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဒီကနေ့မှာတော့ ယူကရိန်းနဲ့အတူ အရဲရင့်ဆုံးသော သူ့ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် မယိမ်းယိုင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုး လိုအပ်နေပါတယ်” လို့ တိုက်တွန်းသွားပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ သဘာ၀ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာအချက်တွေကို ချားလ်စ်ဘုရင်က ထောက်ပြပေးခဲ့ပါတယ်။
“တနည်းအားဖြင့် သဘာဝတရားကြီးရဲ့ အကျိုးစီပွားစနစ်က ကျုပ်တို့ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ အမျိုးသားလုံခြုံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ် ဆိုတဲ့အချက်ကို မျက်ကွယ်ပြုထားမယ် ဆိုရင် အန္တရာယ်ရှိပါတယ်” လို့ ဆိုပါတယ်။
ထရမ့်ပ် ကတော့ ရာသီဥတုပြောင်းလဲလာမှုကို “လိမ်လည်လှည့်ဖြားမှု” (Con Job) အဖြစ် ရှုမြင်ထားတဲ့အလျောက် သူ့ပထမသက်တမ်းမှာရော ဒုတိယသက်တမ်းမှာပါ ပါရီ ရာသီဥတုဆိုင်ရာ သမိုင်းဝင် သဘောတူညီချက်ကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့ပါတယ်။
လက်ရှိ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကမီလာ တို့ရဲ့ ခရီးစဉ်အဆုံးသတ်အဖြစ် ဧပြီ ၃၀ ရက်နေ့ အိမ်ဖြူတော်မှာ တရားဝင်နှုတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။










