DVB Logo
Home
မြန်မာသတင်း
ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးမှန်ထည့်သွင်းဖို့လိုအပ်
DVB
·
October 8, 2013
ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးမှန်ထည့်သွင်းဖို့လိုအပ်
Donate to DVB

၂၀၁၄ ခုနှစ်မှာ အစိုးရက တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ဖို့ ရှိနေရာမှာ  တိုင်းရင်းသားတွေအနေနဲ့ မိမိလူမျိုးဦးရေစာရင်း အမှန်အတိုင်းရရှိရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဝန်ကြီး နေရာရရှိရေးတွေအတွက်  သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။

ရှမ်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေဟာ  မိမိတို့သက်ဆိုင်ရာ ပြည်နယ်တွေအပြင်  ရန်ကုန် နဲ့ ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာလည်း နှစ်ပေါင်းများစွာ အခြေချ နေထိုင်လာခဲ့ပေမယ့် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေမှာ ဗမာလူမျိုးလို့သာ ဖော်ပြကြတာကြောင့် လူမျိုးအရေအတွက် အမှန်မသိရဘဲ ဖြစ်နေတာပါ။

[caption id="attachment_44500" align="alignleft" width="300" caption="ရှစ်းလူဦးရေ စာရင်းကောက်ယူရေး လူငယ်များ လက်ကမ်းစာစောင် ပြင်ဆင်နေကြစဉ် (ဓာတ်ပုံ - ရှမ်းသံတော်ဆင့်)"][/caption]ဒါကြောင့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူမှုမှာ တိုင်းရင်းသား စာရင်းမှန်ရရှိရေးနဲ့ အဲဒီကမှတဆင့် ၂၀၁၅   ရွေးကောက်ပွဲကျရင် မိမိလူမျိုးကိုယ်စားပြု တိုင်းရင်းသားရေးရာ ၀န်ကြီးရရှိရေး ကြိုတင် စည်းရုံး ဆောင်ရွက်နေကြပါတယ်။

ရှမ်းတိုင်းရင်းသားတွေကတော့  နာယက  ၁၃  ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဖွဲ့စည်းပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားလူဦးရေ စာရင်းတွေ စတင်ကောက်ခံနေပြီလို့ ကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျောဝ်တိပ့်က ပြောပါတယ်။

“ရှမ်းလူဦးရေစာရင်းအမှန် ရရှိဖို့ အစတုန်းက ရန်ကုန်တိုင်းမှာပဲ ကောက်မယ်လို့ စဉ်းစားတယ်။ ဒါပေမယ့် တခြားတိုင်းနဲ့ပြည်နယ်ကလည်း တပြည်လုံးမှာ ရှမ်းလူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ သိချင်လို့ ကျနော်တို့ တတိုင်းပြည်လုံးအခြေအနေနဲ့ ပြန်ကောက်ဖို့ အစီစဉ် ရှိတယ်။ တကယ်လို့ ရန်ကုန်တိုင်းမှာ ၀ ဒဿမ ၀၁ ရာခိုင်နှုန်း ပြည့်တယ်ဆိုရင် ရှမ်းရေးရာ ၀န်ကြီးတဦးလည်း ရမယ်၊ ရှမ်းရေးရာ ၀န်ကြီးရတယ်ဆိုရင် ရှမ်းလူမျိုးတွေရဲ့ သာရေး၊ နာရေးတွေ ကူညီနိုင်မယ်။”

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်ကလည်း လက်ရှိ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ  ရှမ်းမျိုးနွယ်စုဦးရေ ၁၀ သိန်းကျော် ရှိပမယ့် မှတ်ပုံတင်မှာ ဗမာလို့ ဖော်ပြထားတဲ့အတွက် ၃ သိန်းပဲ စာရင်းပေါက်ကြောင်း၊ ဒါကြောင့် သန်းခေါင်စာရင်းမှာ မိမိလူမျိုး အမှန်ဖော်ပြရေးနဲ့ မှားယွင်းဖော်ပြခံရတဲ့ မှတ်ပုံတင်ပြင်ဆင်ရေးတွေ တိုက်တွန်းနှိုးဆော်နေတယ်လို့ ပြောပါတယ်။

ကရင်တိုင်းရင်းသားတွေဘက်မှာဆိုရင် ကရင်လူဦးရေ အမှန်ရရေးအတွက် ကရင်ပြည်သူ့ ပါတီက ဦးဆောင်ကာ ပြီးခဲ့တဲ့ နှစ်ကတည်းက စတင်စည်းရုံးလံှု့ဆော်နေပါတယ်။
ကရင်ပြည်သူ့ပါတီရဲ့ ဒုဥက္ကဋ္ဌ စောစေးဝါးက ကရင်မျိုးနွယ်စု ၁၁ မျိုးလုံးအနေနဲ့ ဗုဒ္ဓ ဘာသာဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် ကရင်ဆိုတဲ့ တိုင်းရင်းသားအမည်ကို ထည့်သွင်းဖို့နဲ့ လူမျိုးဝိသေသ  စော၊ နော်၊ မန်းနဲ့ နန့် စတာတွေကို ရေးသားဖြည့်စွက်ဖို့ နှိုးဆော်ထားတယ်လို့ ပြောပါတယ်။

ကရင်တိုင်းရင်းသားတွေဟာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည် နယ်တို့မှာလည်း ပျံ့နှံ့နေထိုင်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်နဲ့ ပဲခူးတိုင်းအတွက်ပဲ ကရင် တိုင်းရင်းသားဝန်ကြီး ရရှိခဲ့တဲ့အတွက် ကျန်တဲ့ နေရာ ၃ ခုမှာလည်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးရဖို့ ကရင်တိုင်းရင်းသားတွေက ရည်ရွယ်ထားပါတယ်။

အလားတူ မွန်တိုင်းရင်းသားဘက်မှာလည်း မွန်လူဦးရေစာရင်းအမှန် ရရှိရေးကော်မတီကို ပြီးခဲ့တဲ့ဇွန်လက ဖွဲ့စည်းခဲ့ကာ ရန်ကုန်တိုင်းမှာ စတင်စာရင်းကောက်ယူနေကြောင်း၊ ပဲခူးတိုင်းမှာ လည်း စာရင်းကောက်ဖို့ ၀န်ကြီးချုပ်ဆီ စာတင်ထားတယ်လို့ ကော်မတီရဲ့ ဒါရိုက်တာ မင်းဖေသန်းက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ လူဦးရေ ပြည့်မီရဲ့သားနဲ့ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး မရခဲ့ဘူး။ အမှန်တကယ် သန်းခေါင်စာရင်းမှာ ပြထားတဲ့လူဦးရေက မွန်တိုင်းရင်းသားထက် ဗမာလူဦးရေ အပြခံထားရတယ်။ အဲတော့ မွန်လူဦးရေစာရင်းက တနိုင်ငံလုံးရဲ့ ၀ ဒဿမ ၀၁ ရာခိုင်နှုန်း မပြည့်ခဲ့ဘူး။ မွန်တွေလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထဲမှာ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီးတဦး ရဖို့  အခွင့်အရေး ရှိနေတာပေါ့။”

အရင်က သန်းခေါင်စာရင်းမှတ်ပုံတင်တွေမှာ အစိုးရတာဝန်ရှိသူတွေက  မွန်လူမျိုး ၀ိသေသဖြစ်တဲ့  နိုင်၊ မင်း၊ မိ စတဲ့အမည်ရှေ့မှာ တပ်ခေါ်တဲ့ အခေါ်အဝေါ်တွေကို  ဗမာလို ဦး ၊ ဒေါ် ၊ မ ၊ မောင် စသဖြင့် ဖြည့်စွက်လိုက်တဲ့အတွက် နစ်နာမှုရှိတယ်လို့လည်း  ပြောပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း မြန်မာပြည်ထဲမှာရှိတဲ့ ဘယ်တိုင်းရင်းသားလူမျိုးမဆို ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် အဲဒီမှာ အိမ်ထောင်စုဇယားရှိကာ တနိုင်ငံလုံး လူဦးရေရဲ့ သုည ဒဿမ ၁ ရာခိုင်နှုန်း ပြည့်မီတယ်ဆိုရင် ဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်ထားနိုင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိရင် ၆ သောင်းကျော်ရင် ဥပဒေပြုရေးမှာလည်း ပါဝင်ခွင့်ပေးရမယ်၊ အုပ်ချုပ်ရေးမှာလည်း ပါဝင်ခွင့်ပေးရမယ်ဆိုပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅ နဲ့ ၁၇ (ဂ) မှာ ဖော်ပြထားတဲ့အတွက် တကယ်ရှိရင် တကယ်ကို ပေးရမယ်။ ဒါမှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာမှာ။”

တိုင်းရင်းသားလူဦးရေအမှန်ရရှိရေးဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့် အရေးဖြစ်တဲ့ အတွက် မိမိအခွင့် အရေးမဆုံးရှုံးရလေအောင် စာရင်းမှန်ပေးသွင်းပြီး ၀န်ထမ်းတွေရဲ့ ရေးသားဖြည့်စွက်မှုကိုလည်း  ပြန်လည်စစ်ဆေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တိုက်တွန်းပါတယ်။

မှတ်ပုံတင်မှာ အမည်၊ လူမျိုးနဲ့ ဘာသာ မှားယွင်းနေပါက အိမ်ထောင်ဦးစီးက  အထောက် အထား အပြည့်အစုံနဲ့ သက်ဆိုင်ရာ လ၀ကရုံး မှတ်ပုံတင်ဌာနတွေမှာ ပြင်ဆင် ပြောင်းလဲနိုင်တဲ့  ဒီဥပဒေဟာ ၂၀၀၈ ဥပဒေ မတိုင်ခင်ကတည်းက ရှိနှင့်ပြီးသားလည်း ဖြစ်ပါတယ်။

ချင်းတိုင်းရင်းသားတွေဘက်ကတော့ ကွဲပြားခြားနားတဲ့ ချင်းလူမျိုးစုတွေကို  သုတေသန လုပ်ဖို့ အဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းထားတယ်လို့ ချင်းအမျိုးသားပါတီရဲ့ ပြောခွင့်ရ ဆလိုင်းငယ်ပီးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူမျိုးစု ၁၃၅ မျိုးရှိတယ်။ အဲဒီထဲမှာ ချင်းက ၅၃ မျိုးလို့ ဖော်ပြထားတာ ရှိပါတယ်။ ဒါပေမယ့် ၅၃ မျိုးကို ချင်းတွေက လက်မခံဘူး။ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်နေတဲ့ ဖြစ်ရပ်တခုလို့ ယူဆကြပါတယ်။ အဲဒါကို ကျနော်တို့ စစ်တမ်းကောက်ယူနေပါတယ်။ ၅၃ မျိုး တကယ်ရှိမရှိ၊ ဒါမှမဟုတ် ချင်းမျိုးနွယ်စုဟာ ဘယ်လောက်အနေနဲ့ သတ်မှတ်ရင် အဆင်ပြေဆုံးလဲဆိုတာ ပြောဆိုဆွေးနွေးကြမှာပါ။”

ဒါပေမယ့် ကချင်တိုင်းရင်းသူ လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဒေါ်ဒွဲဘူကတော့ ရ၀မ် ၊ လီဆူးစတဲ့ လူမျိုးတွေဟာ ကချင်မျိုးနွယ်စုထဲမှာ ပါဝင်နေတဲ့အတွက်၊  တိုင်းရင်းသားရေးရာဝန်ကြီး သပ်သပ် ထပ်ပြီး မရှိသင့်ဘူးလို့  ပြီးခဲ့တဲ့ ဩဂုတ်လက  နေပြည်တော်မှာ ပြုလုပ်တဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းဆိုင်ရာ အစည်းအဝေး မှာ အဆိုပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ၁၉၈၃ ခုနှစ်က နောက်ဆုံးကောက်ယူခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ကောက်ယူနိုင်ခြင်း မရှိတော့ပါဘူး။ ခု သမ္မတဦးသိန်းစိန် အစိုးရတက်လာချိန်မှာမှ တပြည် အတိုင်းအတာနဲ့ လူဦးရေနဲ့ အိမ်ထောင်စုစာရင်း ကောက်ယူမှုတွေကို ကုလသမဂ္ဂရဲ့ အကူအညီနဲ့ ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ  ကောက်ယူဖို့ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013