DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာ အပြည့်အဝ မပေးသည့်အတွက် ရွွှေှစကားအလုပ်သမားများ ထပ်မံဆန္ဒပြ
DVB
·
October 8, 2013
Donate to DVB

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေစကားအထည်ချုပ်စက်ရုံ (၃) က အလုပ်သမား ၄၀၀ ကျော်ရှိတဲ့ စက်ရုံက အလုပ်သမား ၆၀ ကျော်ဟာ အလုပ်ရှင်က စာချုပ်အတိုင်း လုပ်ခလစာ ထုတ်မပေးတဲ့အတွက် မနေ့ညက ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လုပ်ခလစာ အပြည့်အဝရရှိရေးနဲ့ အချိန်ပိုကြေးရရှိရေးတို့အတွက် အောက်တိုဘာ ၅ ရက်နေ့ညက သပိတ်မှောက်တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေဟာ အောက်တိုဘာ ၆ ရက်နေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အဲဒီစာချုပ်ဟာ ၂၄ နာရီအတွင်းမှာပဲ အလုပ်ရှင်ဘက်က ချိုးဖောက်ခဲ့လို့ အလုပ်သမားတွေဟာ အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ဒုတိယအကြိမ် သပိတ်မှောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့အထဲမှာ ပါဝင်တဲ့ အထည်ချုပ် အလုပ်သမ မမိုးမိုးကြည်က “သဘောတူညီချက်မှာ မနက် ၈ နာရီကနေ ည ၇ နာရီခွဲထိ ဆင်းရင် လစာ ကိုးသောင်းခွဲ ပေးမယ်လို့ ပြောထားတယ်။ ကျမတို့လည်း မနက် ၈ နာရီကနေ ည ၇ နာရီခွဲထိ ရက်ပြည့် ဆင်းတယ်။ ကျမတို့လစာ အိုတီကြေးအပါအ၀င် တသိန်းကျော်ရရမယ်။ ဘယ်သူမှ မရပါဘူး။ အဲဒါကြောင့် ကျမတို့လစာအပြည့် မပေးလို့ တောင်းဆိုတာပါ”လို့ ပြောဆိုပါတယ်။
မနေ့ညက တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က ခြံဝင်းတံခါးကို သော့ခတ်ပြီး ပိတ်ထားတယ်လို့ မမိုးမိုးကြည်က ဆိုပါတယ်။

“မနေ့က ကျမတို့က စက်ရုံအပေါ်မှာ လစာအပြည့်အ၀ မရတာကို ညှိနှိုင်းတောင်းဆိုနေတဲ့ အချိန်မှာ စက်ရုံတံခါးမကြီးကို သော့ပိတ်ထားပါတယ်။ ည ၇ နာရီခွဲ အပြင်မှာ မိဘတွေလာကြိုကြတယ်။ သော့က အထဲက အထွေထွေမန်နေဂျာ (သူဌေးတူ) ဆီရောက်နေတဲ့အတွက် ကျမတို့ကို တံခါးဖွင့်ပေးဖို့ တောင်းဆိုတယ်။ ကျမတို့က သော့ဖွင့်ပေးပါလို့ သံပြိုင်အော်ပါတယ်။ ကျမတို့ အထဲမှာ ပိတ်မိနေပါပြီ တံခါးဖွင့်ပေးပါ။ ကျမတို့လှောင်ထားပါလို့ သံပြိုင်အော်ပါတယ်။ အဲဒီလို အော်တာတောင် ကျမတို့ကို လျစ်လျူရှုထားတယ်။”

ဆန္ဒပြသူတွေက တံခါး သော့ပိတ်ထားတာကို ဖွင့်ပေးဖို့ တောင်းဆိုတာကို စက်ရုံတာဝန်ရှိသူတွေက နောက်နေ့မနက်ပိုင်းမှာ လာဖွင့်ပေးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဦးမျိုးကြီးက ပြောပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာတော့ စက်မှုဇုန်ကော်မတီက အလုပ်သမားများအရာရှိ ဦးကိုကိုလင်း အပါအ၀င် အလုပ်သမားကိုယ်စားလှယ် ၃၀ ကျော်နဲ့ စက်ရုံပိုင်ရှင်ဘက်က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီးနောက် ၂ ရက်အတွင်း လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေကို ပြန်လည် စိစစ်ပေးမယ်လို့ စက်ရုံဘက်က ပြောဆိုခဲ့ကြောင်း ဆွေးနွေးရာမှာ ပါဝင်တဲ့ ဦးမျိုးကြီးက ပြောပါတယ်။

အလုပ်သမားတွေဘက်က သွားရောက်ဆွေးနွေးရာပါဝင်တဲ့ မမိုးမိုးကြည်က “သူတို့ ပြန်လည်ပြောဆိုခဲ့တာက ၂ ရက်အချိန်ပေးပါ။ ၂ ရက်အတောအတွင်း စက်ရုံဘက်က ပြန်လည် ရှင်းလင်းပေးမယ်လို့ ပြောပါတယ်။ ပြန်ရှင်းလင်းရင် ကျမတို့ တောင်းဆိုတဲ့ လစာ ကိုးသောင်းခွဲနဲ့ အိုတီကြေးလိုအပ်တဲ့ ငွေတွေကို ရမလားမေးတော့။ ၂ ရက်အတွင်း ရမယ်မရဘူးဆိုတာကို ပြန်လည် ပြောဆိုမယ်လို့ပြောပါတယ်။”

လုပ်ခလစာ အပြည့်အဝရရှိရေးနဲ့ အချိန်ပိုကြေးရရှိရေးတို့အတွက် တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကတော့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013