DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားလူငယ်များ မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
February 18, 2021
နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသည့်  ကျောင်းသားလူငယ်များ မိသားစုနှင့် အဆက်အသွယ်မရ
Donate to DVB

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေထဲက ၉ ဦးကို လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ လူငယ်တွေရဲ့ မိဘတွေက  ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်ရွှေကြာပင်ရပ်ကွက်က အထက (၁၄ ) ကျောင်းသားဟောင်းတွေဖြစ်တဲ့ လူငယ် ၃၀ ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရဦမှာ ပါဝင်ခဲ့ပြီး  ကျောက်မျက်မီးပွိုင့်အနီး ခေတ္တနားနေချိန်မှာ  ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နေပြည်တော်အချုပ်ထောင်ကို တန်းပို့ခဲ့တာပါ။ 

မိဘဆွေမျိုးတွေ ၊ ဆန္ဒပြပြည်သူတွေရဲ့ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ဖေဖေါ်ဝါရီ ၁၅ ရက်မှာပဲ ကျောင်းသား လူငယ် ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ် ၉ ဦးလောက်ကတော့ ကျန်ရစ်ခဲ့ရပါတယ်။ 

ကျန်ရစ်ခဲ့တဲ့ လူငယ် ၉ ဦးကို အဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာကိုပါ ဒီနေ့မနက်အထိ မသိရဘူးလို့ ဖမ်းဆီးခံလူငယ်တွေထဲက တစ်ဦးရဲ့ မိဘဖြစ်သူ ဦးထွန်းရွှေကပြောပါတယ်။

“ထောင်သွားစုံစမ်းတော့ ပထမတစ်ရက်၊ ဖမ်းတဲ့ရက်ပဲရှိတယ်တဲ့ သူတို့က အဲ့လိုပြောတယ်။ အဲ့နောက်ရက်တွေမှာ သွားပြီးတော့ သူတို့ကိုစုံစမ်းတယ်။ ဆရာတို့ကိုမေးချင်လို့ပါ ဒီကလေးတွေ၊ ကျန်နေခဲ့တဲ့ကလေးတွေဘယ်မှာရှိတယ်ဆိုတာ သိချင်လို့သွားမေးတော့ ဟိုကလာခေါ်သွားတယ်၊ ဒီကလာခေါ်သွားတယ်။ ကျနော်ကိုယ်တိုင် မနေ့က ကျနော်တစ်ယောက်ထဲ သွားမေးတာ”။

ဖမ်းဆီးခံကျောင်းသား ၃၀ ကျော်ထဲက ပြန်လွတ်လာတဲ့ လူငယ် ၂၇ ဦးဟာ အခြေခံပညာအဆင့်ကျောင်းသားတွေ ဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ လူငယ်တွေထဲမှာတော့ ဆယ်တန်းအောင်မြင်ပြီးသူတွေ၊ ဆယ်တန်းကျရှုံးထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူငယ်လေးတွေကို အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက် စိတ်ပူနေပြီး ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ လောက်ကိုတော့ မိဘတွေကို အသိပေးသင့်တယ်လို့ မိဘတစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်မိုးက ပြောပါတယ်။

“ကျမတို့လည်း ဟိုလူ့ကို အားကိုးပြီးမေးကြည့်၊ဒီလူ့ကို အားကိုးပြီးမေးကြ ည့်၊ မေးကြည့်လို့လည်းမရဘူး။ အကုန်လုံး ဟိုမှာ ဒီမှာနဲ့ ဆိုတော့ ကျမတို့လည်း အရူးလိုပဲပတ်သွားနေရတယ်။ ညလည်း မအိပ်ရ၊ နေ့လည်းမအိပ်ရနဲ့ အရူးတွေလိုပဲ၊ ကျမက အမေတစ်ယောက်ဆိုတော့ ပိုခံစားရပါတယ်။ ကျမတို့သားလေးတွေကို ဘယ်မှာရှိတယ်ဆိုတာ မြင်လည်း မြင်ချင်ပါတယ်။ သိလည်းသိချင်ပါတယ်။ အခုဟာက သတင်းကို အစအနမရပါဘူး။ သတင်းကိုပျောက်နေတယ်။ ကျမတို့သားလေးကို ဘယ်မှာထား တယ်ဆိုတာမသိပါဘူး”။

ဖေဖေါ်ဝါရီ ၁၅ ရက်က နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေအပါအဝင် ပုဗ္ဗသီရိမြို့နယ်က  အယောက် ၂၀ ၊ CDM လုပ်ဆောင်နေတဲ့ သမဝါယမဝန်ထမ်း ၉ ယောက် တို့လည်း အဖမ်းခံခဲ့ရပြီး သမဝန်ထမ်းတွေကိုတော့ ပုဒ်မ ၁၈၈ နဲ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အလားတူ ပုဗ္ဗသီရိမြို့နယ်က အဖမ်းခံရသူတွေလည်း အဆက်အသွယ်မရသေးဘူးလို့ သက်ဆိုင်သူတွေက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၅ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကျောက်မျက်မီးပွိုင့်အနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေထဲက ၉ ဦးကို လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ လူငယ်တွေရဲ့ မိဘဖြစ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013