DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားခရီးသည်များ လုံခြုံရေး ရခိုင်ပြည်နယ်အစိုးရ တာဝန်ယူ
DVB
·
October 7, 2013
နိုင်ငံခြားသားခရီးသည်များ လုံခြုံရေး ရခိုင်ပြည်နယ်အစိုးရ တာဝန်ယူ
Donate to DVB

ရခိုင်ပြည်နယ်မှာ ပဋိပက္ခများတည်ငြိမ်မှုရှိပြီး လုံခြုံရေးကိုတင်ကြပ်ထားတဲ့အတွက် နိုင်ငံခြားသား ခရီးသည်များ သွားလာလို့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ သံတွဲခရိုင်ရှိ ငပလီကမ်းခြေဟိုတယ်ဇုန် ဒေသတွေမှာ အပန်းဖြေခရီးသွားဧည့်သည်တွေ ပုံမှန် သွားလာမှုရှိပြီး ခရီးသွားဧည်သည်များအတွက် ဒေသခံတာဝန်ရှိသူများက လုံခြုံရေး ပေးနေပါတယ်။

သံတွဲမြို့နယ်တွင်းမှာ လွန်ခဲတဲ့ သီတင်းပတ်အတွင်း လူပုဂ္ဂိုလ်ချင်း စကားများရာကနေ အကြမ်းဖက်မီးရှို့လို့ လူငါးယောက်သေဆုံးပြီး အိမ်ခြေ ၇၀ လောက် လောင်ကျွမ်းခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အောက်တိုဘာ ၁ ရက်နေ့မှာ စတဲ့ ခရီးသွားရာသီမှာ ငပလီကမ်းခြေကို လာရောက်လည်ပတ်မယ့် ခရီးသည် ၀င်ရောက်မှု နည်းပါးသွားမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ငပလီကမ်းခြေဟိုတယ်ဇုန် ဒေသဟာ ပဋိပက္ခဖြစ်တဲ့နေရာနဲ့ ဝေးကွာတဲ့အပြင် တပ်မတော် တပ်ရင်းနှစ်ရင်းက အကာအကွယ်ပေးထားမှုကြောင့် ခရီးသွားဧည့်သည်တွေ စိတ်ချလုံခြုံစွာနဲ့ လာရောက် အပန်းဖြေနိုင်ကြောင်း အမေးဇင်း ငပလီဟိုတယ်ရဲ့ မန်နေဂျာ ဦးကျော်စွာမောင်မောင် က ပြောပါတယ်။

“ဟိုတယ်ဇုန်ရှိတဲ့ ဒေသတလျှောက်ဟာ သံတွဲနဲ့ ၅ မိုင်လောက်ဝေးတယ်။ လမ်းစုံမှာ ခြေမြန်တပ်ရင်း ၅၅ ဆိုတာရှိတယ်။ လေဆိပ်ပတ်ဝန်းကျင်မှာ ၅၆၆ ဆိုတဲ့ ခြေမြန်တပ်ရင်း ရှိတယ်။ အဲဒီ တပ်နှစ်တပ်ကနေပြီး အကာအကွယ်ပေးထားတော့ အဲဒီဒေသတ၀ိုက်က ဘယ်လိုမှ ဆူပူအုံကြွမှု ပဋိပက္ခမျိုး ဖြစ်စရာ အခြေအနေ မရှိပါဘူး။”

သမ္မတဦးသိန်းစိန် သံတွဲကိုရောက်တဲ့အခါမှာလည်း ဟိုတယ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့သလို ခရီးသွားလာ ရေးလုပ်ငန်းတွေ မထိခိုက်အောင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းပေးခဲ့တယ်လို့ လည်း ထည့်ပြောသွားပါတယ်။ ခရီးစဉ်မှာလိုက်ပါလာတဲ့ ခရီးသွားဝန်ကြီးဦးဌေးအောင်ကလည်း ခရီးသွားလုပ်ငန်း တိုးချဲ့မယ့် အစီအစဉ်ကို ချပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သူ့အမည်ကို မဖော်ပြလို ပေမယ့် လုံခြုံရေးအပြည့်နဲ့တင်းကြပ်ထားတာကြောင့် နိုင်ငံခြားဧည့်သည်တွေ သွေးတပေါက်မှ မစွန်းစေရဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ်က ဇွန်လကစတင်ပြီး အကြမ်းဖက်မီးရှို့မှုတွေဖြစ်ခဲ့တာကြောင့် လူပေါင်း တသိန်းခွဲလောက် မီးဘေးဒုက္ခသည်ဖြစ်ခဲ့ရပြီး နောက်ဆုံးအနေနဲ့ သံတွဲမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013