DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ကဏ္ဍမြှင့်တင်ရန် ဘဏ္ဍာရေးဆိုင်ရာ ငွေပေးငွေယူစနစ် လျင်မြန်ရန်လို
DVB
·
October 7, 2013
ပို့ကုန်ကဏ္ဍမြှင့်တင်ရန် ဘဏ္ဍာရေးဆိုင်ရာ ငွေပေးငွေယူစနစ် လျင်မြန်ရန်လို
Donate to DVB

ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ငွေပေးငွေယူစနစ်တွေ လျင်မြန်ချောမွေ့ဖို့ အဓိက လိုတယ်လို့ ကုန်သွယ်ရေးမြင့်တင်မှုဌာန အဆင့်မြင့်အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မှာ မကြာသေးခင်ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနက အစိုးရအဖွဲ့တွေ အပါအ၀င် စီးပွားရေး အသင်းအဖွဲ့တွေနဲ့ အရပ်ဘက် လူမှုအသင်းအဖွဲ့တွေ ပါဝင်တက်ရောက် ဆွေးနွေးခဲ့တာပါ။

ကုန်သွယ်ရေးမြှင့်တင်မှုဌာနက ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါက “ဘဏ္ဍာကြေး ထောက်ပံ့မှုတွေ ဘဏ္ဍာကြေး ၀န်ဆောင်မှု လုပ်ငန်းတွေ ငွေလွှဲငွေယူ စနစ်တွေ လျှင်မြန်ချောမွေ့ဖို့ လိုမယ်။ ကိုယ်ကနေပြီး ဈေးကွက်ကို မြှင့်တင်ချင်တယ်။ ပို့ချင်တာ ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ ဈေးကွက်အခြေအနေ ဈေးကွက်သတင်းတွေ လိုပါတယ်။ ကိုယ့်ရဲ့ ပစ္စည်းတွေ များများပို့နိုင်ဖို့အတွက်ဆိုရင် သူတို့နိုင်ငံက သတ်မှတ်တဲ့ အရည်အချင်းတွေ ပြည့်မီဖို့ လိုမယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာ့အနာဂတ်အတွက် အလားအလာကောင်းတဲ့ ပို့ကုန်အမယ်အနေနဲ့ ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ အထည်အလိပ်နဲ့ သစ်တောထွက်ပစည်းတွေကို ရွေးချယ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပကို ဆန်အပါအ၀င် ရေထွက်ကုန် အမယ်တွေ တင်ပို့မှုမြင့်တက်လာရင် ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်လေ့ရှိတဲ့အတွက် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ လိုတယ်လို့
စီးပွားရေးမူဝါဒရေးရာလေ့လာသူ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

တင်ပို့ကုန်စည်အမယ် ရွေးချယ်တဲ့နေရာမှာ အမှားအယွင်းမရှိအောင် သေသေချာချာ စဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။

“ရွေးချယ်တဲ့အခါမှာ ကျနော်တို့နိုင်ငံက ထုတ်လုပ်တဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဘယ်လောက်ရှိ သလဲ။ ပြည်ပဈေးကွက်ဆိုရင်လည်း ဘယ်ဈေးကွက်ကို ပို့မှာလဲ။ အခြားနိုင်ငံနဲ့ ယှဉ်ပြိုင်ပြီး ပို့တဲ့အခါမှာ ဘယ်လောက်ထိ ယှဉ်ပြိုင်ထိုးဖောက်နိုင်စွမ်းရှိသလဲ။ အဲဒါတွေ အကုန်လုံးကို သေသေချာချာ စဉ်းစားပြီးမှာ item ကို ရွေးဖို့လိုတယ်။”

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဆွေးနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ ဒေါ်နော်မူတာကပေါ က ပြောပါတယ်။

မြန်မာနဲ့ပြည်ပနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏအနေနဲ့ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရရှိဖို့ မျှော်မှန်းထားရှိပြီး ပြီးခဲ့တဲ့၂၀၁၂-၁၃ ဘဏ္ဍာနှစ်က ၁၈ ဒဿမ ၅ ဘီလီယံ ရရှိခဲ့တယ်လို့ သိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013