DVB Logo
Home
မြန်မာသတင်း
စက်လှေပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
October 7, 2013
စက်လှေပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲက ပုဂ္ဂလိက လေဆိပ်တခုမှာ ကုန်ပစ္စည်းတင် စက်လှေ ၁ စင်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် မြန်မာလုပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုဟာ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ရနောင်း မိတ်သဟာ နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးသားကျော်က ပြောပါတယ်။

ဦးသားကျော်က “လှေအနောက်ဘက်မှာ ဂက်စအိုးပေါက်တယ်။ ၇ ယောက်မှာ ၆ ယောက်က ဒဏ်ရာရတယ်။ တယောက်က သေဆုံးတယ်” လို့ ပြောပါတယ်။

ရနောင်းမြို့နယ် ပတ်နမ့် (မြစ်ဝ) ရဲစခန်း တာဝန်ကျ ဒုရဲမှူးကြီး လိုင်းတေချ ဆုဝမ်းဖိကွန်း ရဲ့ ပြောပြချက်အရ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ပတ်နမ့်ကျေးရွာအုပ်စု ဘန့်ခေါဝ်နန်း ဟုန်ရွာက ပုဂ္ဂလိကပိုင်လှေဆိပ်တခုမှာ ပေါက်ကွဲမှုဖြစ်ပြီး အရေးပေါ်ဆေးရုံကား ၃ စီးနဲ့ အခင်းဖြစ်ပွားရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေရာကို ရောက်ရှိသွားစဉ်မှာ ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာ ရရှိသွားသူ စုစုပေါင်း ၇ ဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဆေးရုံပို့ခဲ့ကြောင်း၊ အဲဒီထဲက ဒဏ်ရာပြင်းထန်သူ ၁ ဦးကတော့ ဦးခေါင်းနဲ့ မျက်စိမှာ ရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံမရောက်ခင် သေဆုံးသွားတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။

သေဆုံးသွားသူမှာ ဦးကျော် အသက် ၂၅ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ၂၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ အဲဒီစက်လှေဟာ ထိုင်းနိုင်ငံသားပိုင် MWT - 1 လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင် ငါးဖမ်းလှေ ၁ စီးဖြစ်ပြီး မြန်မာပြည်က ရေထွက်ပစ္စည်းတွေ တင်ဆောင်လာကာ ထိုင်းကနေ ကုန်ပစ္စည်းအမျိုးမျိုး ပြန်လည်တင်ပို့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အဲဒီထဲမှာ သံထည်ပစ္စည်း ဖြတ်တောက်ပြင်ဆင်ခြင်းနဲ့ သစ်သီးဖျော်စက်တွေမှာ အသုံးပြုတဲ့ Acetylene ခေါ် ဂက်စ်အမျိုးအစားတခု ပါဝင်ပြီး အဖုံးပိတ်ရာမှာ မလုံခြုံတဲ့အပြင် အဲဒီအချိန်မှာ မိုးရွာလာတဲ့အတွက် မိုးရေနဲ့ဓာတ်ပြုပြီး အနီးက ဆေးလိပ်ငွေ့တွေပါ ရိုက်ခတ်တဲ့အတွက် ပေါက်ကွဲတယ်လို့ ယူဆရကြောင်း၊ နောက်ထပ် အသေးစိတ်ကို ဆက်ပြီး စုံစမ်းနေတယ်လို့ ဒုရဲမှူးကြီးက မန်နေဂျာအွန်လိုင်းသတင်းကို ပြောပါတယ်။

သေဆုံး ဒဏ်ရာရသူတွေအားလုံးဟာ တနင်္သာရီတိုင်း မြိတ်မြို့က ဖြစ်ပြီး သင်္ဂြိုဟ်ဖို့ ဘန့်နောင်းဘုန်းကြီးကျောင်းမှာ ထားပြီး မိဘဆွေမျိုးကို စောင့်ဆိုင်းနေကြောင်း၊ အလုပ်ရှင်သူဌေးက အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေးတွေ ပေးဆောင်မယ်လို့ ပြောကြောင်း မိတ်သဟာ နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးသားကျော်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013