DVB Logo
Home
မြန်မာသတင်း
ရခိုင်ပါတီခေါင်းဆောင်များ သံတွဲမြို့ကို ထွက်ခွာ
DVB
·
October 7, 2013
ရခိုင်ပါတီခေါင်းဆောင်များ သံတွဲမြို့ကို ထွက်ခွာ
Donate to DVB

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ခေါင်းဆောင်တွေနဲ့ ရခိုင်အမတ်တွေဟာ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တဲ့ သံတွဲမြို့ကို ဒီမနက်ပိုင်းက ရန်ကုန်ကနေ လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာသွားပါတယ်။

ဒီခရီးစဉ်မှာ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး အပါအ၀င် ၆ ဦး ပါရှိပါတယ်။

ဒီခရီးစဉ်ရည်ရွယ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်က “သူတို့သွားတဲ့ ရည်ရွယ်ချက်က အဲဒီမှာ  ဒုက္ခရောက်နေတဲ့ ရခိုင်ရွာတွေရှိတယ်။  အဲဒီမှာကယ်ဆယ်ရေးရယ်၊ ကျနော်ဒီမှာ နောက်ချန်တဖွဲ့ ချန်ခဲ့တယ်။ အလှူငွေကောက်ဖို့၊ ဘယ်နေရာမှာ ဘာတွေလိုတယ်ဆိုတာ ဒေါက်တာအေးမောင်တို့ သွားကြည့်မယ်။ နောက်ပြီးတော့ ကျနော်တို့ပါတီက ဥက္ကဌ (သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးစောလှိုင် ခေါ် ဦးမောင်ပု) ရယ် ပါတီဝင်တော်တော်များများ အဖမ်းခံထားရတယ်။ နောက် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကလည်း အဖမ်းခံထားရတယ်။ တကယ်အပြစ်ရှိတဲ့လူကော၊ မရှိတဲ့လူကော ရောနေတယ်ဗျ။ အပြစ်မရှိရင် မရှိသလို လွှတ်ပေးဖို့ရယ်၊ အပြစ်ရှိရင်လည်း အပြစ်ရှိသလို ဥပဒေနဲ့အညီ တရားဥပဒေနဲ့အညီ လုပ်ပေးဖို့ ပေါ့ဗျာ။ rule of law အတိုင်းဖြစ်ဖို့ သွားရောက်တိုက်တွန်းဖို့သွားတာပါ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ လူပုဂ္ဂိုလ်ချင်း အချင်းများရာက အစပြုပြီး မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိမ်ခြေ ၇၀ လောက် မီးလောင်ကျွမ်းပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီနောက် သံတွဲမြို့နယ်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌအပါအ၀င် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေအပါအ၀င် လူ ၅၀ နီးပါး ဖမ်းဆီးခံရပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့ဟာ မနှစ်ဇွန်လက စတင်တဲ့ ရခိုင်ပြည်တွင်း အကြမ်းဖက်မီးရှိုမှုကာလအတွင်း ကင်းလွတ်ခဲ့ပေမယ့် ဒီနှစ်နှစ်လယ်ပိုင်းမှာ မွတ်စလင်နေအိမ် ၁ ဒါဇင်ကျော် မီးရှို့ခံရပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ထပ်မံဖြစ်ပွားခဲ့တာပါ။

အခုဖြစ်ပွားတဲ့ နေရာဒေသ ကျေးရွာတွေဟာ ကမန်တိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာတွေမှာ ဖြစ်ပွားတာကြောင့် အစိုးရက တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက တောင်းဆိုခဲ့ပါတယ်။

ကမန်တိုင်းရင်းသားဟာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲမှာ ပါဝင်ပြီး အများအားဖြင့် အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဒီကမန်လူမျိုးတွေရဲ့ လူနေအိမ်ခြေတွေ မီးရှို့ခံရတယ်ဆိုတဲ့အပေါ် ဦးဇော်အေးမောင်က သူတို့ သိရှိထားချက်အရ ကမန်အများစုဟာ အရင်အစိုးရတွေလက်ထက်တုန်းက အုပ်ချုပ်ရေးပိုင်းတွေကို လာဘ်လာဘထိုးပြီး ဖန်တီးယူထားတယ်လို့ ပြောပါတယ်။

“သံတွဲမြို့က ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်လာဖို့အတွက် အကောင်းဆုံးနေရာတ နေရာဖြစ်နေတယ်။ ခိုးဝင်လာတဲ့သူတွေကလည်း သံတွဲ။ သံတွဲအနီးအနားက ရွာတွေ။ ဒေသခံ ဘင်္ဂါလီတွေနဲ့ အကုန်လုံးက ကမန် ကမန်လုပ်နေကြတာ။ အကုန်လုံးက လုပ်ကမန်များတယ်။”

ဒါကြောင့် ကမန်တိုင်းရင်းသားတွေဟာ ကမန်တိုင်းရင်းသား တကယ်စစ်မစစ်ဆိုတာကတော့ မကြာခင်ကောက်ခံတော့မယ့် သန်းခေါင်စာရင်းကောက်ခံမှုမှာ စိစစ်ပေါ်ပေါက်ဖွယ်ရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မှာ ရောက်နေကြတဲ့ ကမန်ဦးရေစာရင်းဟာ သူတို့သိရှိသလောက် သောင်းဂဏန်းသာရှိပေမယ့် စာရင်းပေါက်တာကတော့ ၇ သောင်းနဲ့  ၁ သိန်းအကြား ရှိကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်ဇွန်လက ရခိုင်ပြည်နယ်မှာ အစပြုတဲ့ အကြမ်းဖက်မီးရှို့မှုတွေဟာ ဘာသာရေး ပဋိပက္ခ ဆန်ဆန် အသွင်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တချို့ကိုပါ ကူးစက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013