DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့ တကမ္ဘာလုံးကို အောင်လအန်ဆန် မေတ္တာရပ်ခံ
DVB
·
February 17, 2021
မြန်မာနိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့ တကမ္ဘာလုံးကို အောင်လအန်ဆန် မေတ္တာရပ်ခံ
Donate to DVB

မြန်မာ့စပါးကြီးမြွေလို့ အားလုံးက သိကြတဲ့ MMA နာမည်ကြီး ကစားသမား အောင်လအန်ဆန်က လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နိုင်ငံသားအားလုံးဘေးကင်းစေဖို့ ဆုတောင်းနေတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတာ ၁၆ ရက်ရှိခဲ့ပြီဖြစ်ပြီး ဒီအခြေ အနေပေါ် ချက်ချင်းဆိုသလို ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ ရဲဝန်ထမ်းတွေကပါ CDM လှုပ်ရှားမှုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွန်းလှန်နေကြကြောင်းနဲ့ ခုရက်ပိုင်း မြန်မာနိုင်ငံမြို့ကြီးတချို့နဲ့ အောင်လအန်ဆန်ရဲ့ မွေးရပ်မြေ မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကိုပါ ရေးသားထားခဲ့တာပါ။

“မမျှော်လင့်စွာပဲ ဒီရက်တွေမှာ နေပြည်တော်၊ မန္တလေးစတဲ့မြို့တွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းတာတွေက ပိုပြီးဆိုးရွားလာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ကျနော့်မွေးရပ်မြေ မြစ်ကြီးနားမှာလည်း ပြည်သူတွေ ပစ်ခတ်နှိမ်နင်းခံခဲ့ရပါသေးတယ်။ ဒါတင်မကဘူး အာဏာထိန်းသိမ်းတဲ့အခြေအနေကို ထိပါးခြိမ်းခြောက်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးလို့ရမယ့် ဥပဒေတွေကိုပါ ထပ်ပြီးထုတ်ပြန်တယ်။ ပြည်တွင်းက လူတော်တော် များများလည်း ညကြီးမိုးချုပ်တွေမှာ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံနေရသလို အင်တာ နက်သုံးစွဲတာတွေကိုပါ ထိန်းချုပ်ကန့်သတ်ထားတာတွေ ရှိနေတယ်။ အဲ့ဒီအပြင် ဒီကာလမျိုးမှာ အကျဉ်းသား နှစ်သောင်းကျော်လွှတ်ပေးပြီးတော့ အဲ့ဒီလွတ်လာတဲ့အထဲက တချို့က သာမာန်ပြည်သူတွေ လုံခြုံအေးချမ်းမှုကို အနှောင့်အယှက်ဖြစ်မယ့် အပြုအမ်တွေ လုပ်လာနေကြတယ်။”

နောက်ထပ်ပြီး စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ထိန်းသိမ်းခံထားရသူတွေ အကြောင်းကိုလည်း မသိရသေးတဲ့အတွက် စိတ်မကောင်းကြီးစွာဖြစ်ရတယ်လို့ ရေးသားထားပါတယ်။

“လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပါတီတွင်းက ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း ထိန်းသိမ်းခံနေရပြီး သူတို့နဲ့ပတ်သက်တဲ့ သတင်းတိတိကျကျတောင်မှ ကျနော်တို့ မကြားရသေးဘူး။ ဒီအခြေနေတွေ အားလုံး အပေါ်မှာ ကျနော် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီအရသာကို ခံစားရတာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။ အခုတော့ ဒါတွေအားလုံးက လက်ရှိ အခြေအနေမှာ ပျက်စီးခဲ့ရပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံသားတွေ တညီတည်း ရှိနေတဲ့ဆန္ဒတွေက ဒီအာဏာသိမ်းမှုကို နောက်ပြန်လှည့်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီစနစ်က ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။”

နောက်ထပ်ပြီးတော့ သူက ခုလိုမတည်ငြိမ်တဲ့ အခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးမှာ သူတို့ရဲ့ အကူအညီကို ပြသဖို့ တကမ္ဘာလုံးကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။

ကျနော် တကမ္ဘာလုံးကို မေတ္တာရပ်ခံချင်တာက ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့အသံကို နားစွင့်ပေးဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက် သူတို့အကူအညီတွေ ပြသပေးဖို့ပါ။ ဒီအခြေအနေကို ငြိမ်းချမ်းစွာ တွန်းလှန်ဖို့ ကြိုးစားကြတဲ့ ဘယ်လှုပ်ရှားမှုကိုမဆို ကျနော် ထောက်ခံအားပေးပါတယ်။ နောက်ထပ် ကျနော် တိုက်တွန်းချင်တာက  နိုင်ငံသားကောင်းပီသစွာ ယဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိမိတို့ဆန္ဒရှိရာကို ဆက်လက်ထုတ်ဖော်ပေးဖို့ပါ။ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ရန်လိုမှုနဲ့စရင် ရန်လိုမှုနဲ့ပဲ ကြုံကြရလိမ့်မယ်။ ဒါတွေကို ကျော်ဖြတ်ဖို့အတွက် တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ အာရုံစူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့ နိုင်ငံသားတွေအားလုံး ဘေးကင်းစေဖို့ ကျနော်ဆက်ပြီး ဆုတောင်းနေပါမယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013