ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်အာဏာရှင်ကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ဦးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၆ ရက်မြောက်နေ့က စတင်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦးကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
“သူက ဆိုင်ကယ်နဲ့ပြန်လာတာ နောက်ကနေ ကားနဲ့ဝင်တိုက်တာ၊ ဆိုင်ကယ် လဲသွားတော့ အရပ်ဝတ်နဲ့ လူတွေက ခြေထောက်နဲ့ လက်ကိုဆွဲတင်ပြီး ချက်ချင်း ကားကို မောင်းထွက်သွားတာ၊ မသိရင်ဖမ်းတာနဲ့ မတူဘူး၊ ပြန်ပေးဆွဲသလိုဖြစ်နေတယ်။”
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်ခဲ့လို့ ဖမ်းဆီးခံရသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို သွားလို့ရအောင် ညှိနှိုင်းခဲ့သူတွေဖြစ်ပြီး နေအိမ်ပြန်တဲ့ လမ်းမှာ ဖမ်းဆီးခံကြရတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံခဲ့ရတဲ့လူတွေကို ပြန်လွှတ်ပေးဖို့အတွက် ရဲစခန်းနဲ့ အကျဥ်းထောင်တွေရှေ့မှာ ပြည်သူတွေက သွားရောက်တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးထားတာမျိုးမရှိဘူးလို့ အာဏာပိုင်တွေက တုံ့ပြန်ခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးတာတွေ ပြုလုပ်နေသလို နိုင်ငံရေး အကျဥ်းသားဟောင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို မနက် ၃ နာရီ လောက်မှာ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်ရဲ့အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅ ဦးနဲ့ ပုသိမ်မြို့ခံ သတင်းထောက် ၁ ဦး ဖမ်းဆီးခံထားရတာပါ။
မင်းထက်မုန်း