DVB Logo
Home
မြန်မာသတင်း
မြေယာသိမ်း ဆန္ဒပြပွဲ ရန်ကုန်မြို့လယ်တွင် ထပ်မံဖြစ်ပွား
DVB
·
October 6, 2013
မြေယာသိမ်း ဆန္ဒပြပွဲ ရန်ကုန်မြို့လယ်တွင် ထပ်မံဖြစ်ပွား
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ရပ်ကွက်သူနဲ့ ရပ်ကွက်သားတွေအပြင် မူလတန်းကျောင်းသူနဲ့ ကျောင်းသားလေးတွေဟာ မိမိတို့ လက်ရှိ နေထိုင်ရာကနေ ပြောင်းရွှေ့မှုအမိန့် ကြေညာစာတွေကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို အောက်တိုဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြေယာသိမ်းခံရမှု ဆန္ဒပြသူတဦးဖြစ်တဲ့ ဒေါ်မြင့်မြင်ဝေက “ဒေါက်တာ ဦးမျိုးအောင် အမတ်ကိုယ်စားလှယ်လောင်းကို သဘာပတိထားပြီးတော့ ကနောင်ခန်းမမှာ လူကြီးတော်တော်များများနဲ့ ပြည်သူတွေကို မြေပေးစရာတော့ မရှိဘူး။ ရတနာအိမ်ယာ၊ ဧရာဝဏ်အိမ်ယာစီမံကိန်းတွေလာရင် ခင်ဗျားတို့ကို ကျနော်တို့ ခေတ္တခဏ လိုင်းခန်းတွေ ဆွဲပေးမယ်။
လိုင်းခန်းပေါ်မှာနေ။ ခင်ဗျားတို့ ပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးမယ်။ ဒီကွင်းထဲမှာပဲ အလုပ်လုပ်ကြပါ။ အလုပ်လုပ်ပြီး ၁၈ လွှာတွေ ပြီးသွားရင် ငွေအရစ်ကျသွင်းတဲ့ စနစ်နဲ့ တိုက်ခန်းပေါ်ကို တင်ပေးပါ့မယ်လို့ ကနောင်ခန်းမမှာ ဦးအောင်ကျော်ဦးက ကတိပေးသွားပါတယ်။ သူက ကတိပေးတဲ့အတိုင်းမလုပ်ပဲနဲ့ ရှောင်နေတဲ့ အတွက်ကြောင့် အခုလို ဆန္ဒလာပြရခြင်း ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေကို ပေးထားတဲ့ ကတိတည်သင့်တယ်လို့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်က ပြောပါတယ်။

“အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့ ကတိက၀တ်အတိုင်း ဆောင်ရွက်တယ် ဆိုရင်တော့ အဆင့်အတန်းရှိတဲ့ ကတိက၀တ်တည်ကြည်တဲ့ လူတယောက်ဖြစ်မှာပါ။ သို့မဟုတ်ရင်တော့ လူထုကိုပေးထားတဲ့ ကတိက၀တ်ကို ပယ်ဖျက်ရာရောက်မှာပေါ့။ ဒီလိုပဲ ကျနော်မြင်တယ်။”

တကယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ အနေနဲ့ အခြားနေရာကို ရွှေ့ပြောင်းရရင် ကျောင်းသူနဲ့ ကျောင်းသားလေးတွေ အတွက်လည်း ပညာသင်ကြားရေးမှာ အခက်အခဲတချို့ရှိတယ်လို့ သိရပါတယ

“အခုလို ပြဿနာတွေ ဖြစ်တော့ သမီးတို့မှာ အများကြီး အခက်အခဲ ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှိုးဆော်စာတွေက မိဘတွေကို အချိန်နဲ့အမျှ လာပြီးပေးနေကြတာပါ။ သမီးတို့မှာ ပထမတန်းစာမေးပွဲနီးလာပြီလေ။ အဲဒီသတင်းတွေ ကြားရတော့ ရွှေ့ရမလို၊ ပြောင်းရမလို သမီးတို့မှာ အခက်အခဲတွေ အများကြီးဖြစ်ရပါတယ်။”လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က သတ္တမတန်းကျောင်းသူ မတင်နီလာဝင်းက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ရပ်ကွက်သားတွေအနေနဲ့ ဆန္ဒဖော်ထုတ်တာ တတိယအကြိမ်မြောက်ဖြစ်ပြီး အရင် ၂ ကြိမ်တုန်းကလည်း ဘာမှ တုံ့ပြန်မှု မရှိတာကြောင့် အခုလို ဆက်လက် ဆန္ဒဖော်ထုတ်ရတာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013