အီရန်ဘောလုံးအသင်းဟာ အမေရိကန်မှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစီအစဉ်အတိုင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် အီရန်ဘောလုံးအသင်းရဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးက မသေချာတဲ့ အခြေအနေကို ရောက်ခဲ့တာပါ။
အီရန်ဘောလုံးအဖွဲ့ချုပ်ကလည်း အသင်းရဲ့ပွဲစဉ်တွေကို အမေရိကန်ကနေ မက္ကဆီကိုနိုင်ငံကို ပြောင်းလဲကစားခွင့်ရဖို့ ဖီဖာနဲ့ ဆွေးနွေးနေတယ်လို့ မတ်လအစောပိုင်းမှာ ပြောထားဖူးပါတယ်။
အီရန်ဟာ လော့စ်အိန်ဂျလိစ်မှာ ဇွန် ၁၅ ရက်နဲ့ ဇွန် ၂၁ ရက်တို့မှာ နယူးဇီလန်၊ ဘယ်ဂျီယံအသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး ဇွန် ၂၆ ရက်မှာ အီဂျစ်နဲ့ ဆီအာတယ်မှာ ကစားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန် ၁၁ ရက်မှာ စတင်မှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။
မက္ကဆီကိုသမ္မတ ရှိန်းဘောင်းက အီရန်ပွဲကို လက်ခံကျင်းပပေးဖို့ လိုမယ်ဆိုရင် မက္ကဆီကိုမှာ ကျင်းပပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ကော်စတာရီကာကို ၅ ဂိုးပြတ်အနိုင်ရတဲ့ အီရန်အသင်းရဲ့ တူရကီမြေမှာ ခြေစမ်းပွဲကို တက်ရောက်ခဲ့တဲ့ အင်ဖန်တီနိုက ပြိုင်ပွဲကို သတ်မှတ်အစီအစဉ်တိုင်း ပြုလုပ်မယ်လို့ ဆိုပါတယ်။
အင်ဖန်တီနိုက “အီရန်အသင်းရဲ့ ကစားပုံကို မြင်ခဲ့ရပါတယ်။ ကစားသမားတွေ နည်းပြတွေနဲ့လည်း စကားပြောခဲ့ပါတယ်။ အရာအားလုံးက ကောင်းပါတယ်” လို့ ပြောပါတယ်။
သောကြာနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမတိုင်မီ အီရန်ကစားသမားတွေက စစ်ပွဲမှာ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ပုံရိပ်တွေ၊ ဆေးရုံတွေ တိုက်ခိုက်ခံရပုံတွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေ ပျက်စီးပုံတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
Source: Reuters








