DVB Logo
Home
မေးမြန်းခန်း
ဆရာတွေ ဘ၀တိုးတက်ဖို့ လွတ်လပ်ခွင့် ပိုပေးသင့်တယ် – ဒေါက်တာ သိန်းလွင်
DVB
·
October 5, 2013
Donate to DVB

ဆရာနဲ့ ဆရာမတွေ ဘ၀တိုးတက်မြင့်မားဖို့အတွက် လွတ်လပ်ခွင့်တွေ ဒီထက်ပိုပေးဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ မြန်မာပြည်က ဆရာနဲ့ ဆရာမတွေ လိုအပ်ချက်အတွက် မေးမြန်းတဲ့အပေါ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်က ဆရာတွေရဲ့ လက်တွေ့ သင်ကြားမှုအပိုင်းပေါ်မှာ ဆွေးနွေးပေးပါ။

“လက်ရှိ မြန်မာနိုင်ငံရဲ့ သင်ကြားမှုက လက်ရှိအစိုးရရဲ့ စနစ်အတိုင်းပဲ သွားနေတော့ ဆရာတွေမှာ လွတ်လပ်ခွင့်မရှိဘူး။ ကျောင်းသားတွေ အရည်အချင်းမြင့်အောင် ဆရာတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း မရှိဘူး။ အစိုးရပြဋ္ဌာန်းထားတဲ့ စာအုပ်ကို အလွတ်ရအောင် သင်တဲ့အဆင့်ပဲ ရှိတယ်။ ပြီးတော့ အစိုးရ ပြဋ္ဌာန်းတဲ့စာအုပ်ကို ဖြေရတဲ့ စနစ်မျိုးဖြစ်တော့ ဆရာတွေက ကိုယ်စွမ်းရှိသလောက်၊ ဥာဏ်စွမ်းရှိသလောက် ကလေးတွေ တိုးတက်အောင် သင့်ဖို့ အခွင့်အလမ်းမရှိဘူး။ အစိုးရသတ်မှတ်တဲ့စာအုပ်ကိုပဲ ဖြေဖို့ လေ့ကျင့်ပေးတာ ဖြစ်နေတော့ ဆရာတွေရဲ့ လွတ်လပ်ခွင့်လိုတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဆရာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခွင့်အရေး လိုအပ်ပါတယ်။”

ဘယ်လို လွတ်လပ်ခွင့်မျိုးလဲ၊ ဥပမာ ပြောပြပေးပါ။

“ကျောင်းသားတွေရဲ့ပညာရေးတိုးတက်မှုကို သူတို့ အာရုံစိုက်နိုင်တဲ့ လွတ်လပ်ခွင့်မျိုး။ အခုဖြစ်နေတာက လက်ရှိဆရာတွေက အစိုးရရဲ့ အလုပ်ကို တာဝန်ခံနေရတယ်။ လုံခြုံရေး စောင့်ပေးရတယ်၊ မဲရုံမှာ စောင့်ပေးရတယ်၊ တက္ကသိုလ်တွေမှာဆိုရင် ကျောင်းသားတွေ စာကပ်မလား၊ အထက်တန်းကျောင်းတွေမှာဆိုရင် ကျောင်းသားတွေ စာကပ်မလားစောင့်နေရတယ်။ ဆရာတွေရဲ့ အလုပ်က အစိုးရရဲ့ လုပ်ခြုံရေးမှာ လုပ်ပေးနေရတယ်။ ကလေးတွေ ပညာရေးဖွံ့ဖြိုးဖို့ ဆရာတွေက လွတ်လွတ်လပ်လပ် ကိုယ်စွမ်းရှိသလောက် လုပ်နိုင်တဲ့ လွတ်လပ်ခွင့်လိုတယ်။ ပညာရေးဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လွတ်လွတ်လပ်လပ် ထုတ်ပြောနိုင်တဲ့အခွင့်အလမ်းတွေ လိုတယ်။”

လက်ရှိမြန်မာပြည်က ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာပိုင်းလည်း နည်းနည်းဆွေးနွေးပေးပါ။

“လက်ရှိမှာတော့ နိုင်ငံရေးအစဉ်အလာအရ ဆရာတွေကို မိဘနဲ့ တတန်းတည်း ထားတယ်။ အနန္တော အနန္တ ငါးပါးဆိုပြီး။ ဒါပေမယ့် လက်တွေ့မှာ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတွေက လစာနည်းတယ်။ သူတို့လစာနဲ့ မလောက်တော့ တခြားနည်းလမ်းနဲ့ ငွေရှာရတယ်၊ ကျူရှင်ပြရတယ်။ အဲဒီအပေါ်မှာ ဆရာတွေရဲ့ တန်ဖိုးက လျော့ကျလာတယ်။ လက်ရှိ ဒီနေ့ဖြစ်နေတဲ့အချိန်မှာ ဆရာတွေက သူတို့အသက်မွေးဝမ်းကျောင်းနဲ့ ရပ်တည်နိုင်တဲ့ ပံ့ပိုးမှုမျိုး မရှိတဲ့အတွက် ဆရာတွေရဲ့ အဆင့်အတန်းက နိမ့်ကျလာတာ တွေ့တယ်။ အဲအတွက် ဆရာတွေရဲ့ အဆင့်အတန်းကို ပြန်မြှင့်ဖို့လိုမယ်။ ဆရာတွေ အရည်အချင်းမြှင့်ဖို့အတွက် သင်တန်းတွေ လိုတယ်။ ဆရာတွေကို လုံလောက်တဲ့လစာတွေ ထောက်ပံ့ဖို့လိုတယ်။ ဆရာတွေရဲ့ အဆင့်အတန်းလည်း ပြန်မြှင့်ဖို့လိုတယ်။ ဆရာတွေဟာ ကလေးတွေရဲ့ ပညာရေးကို လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ခွင့် ရှိမယ်ဆိုရင် ဆရာလုပ်ရတဲ့ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ကျောင်းသားတွေလည်း ပညာကောင်းကောင်း ရမယ်ဆိုရင် ကျနော်တို့ ပညာရေးက ပြန်ပြီး တိုးတက်လာမယ်လို့ ယုံကြည်တယ်။”

အစိုးရကလည်း ဆရာဆရာမများ မွမ်းမံသင်တန်းဆိုပြီးလုပ်နေတာရှိတယ်။ အဲဒါတွေက ဘာတွေ လွဲချော်နေလို့ အခုလို ဖြစ်နေတာလဲ။

“လွဲချော်တာက ဆရာ၊ ဆရာမတွေကို ဖောင်ကြီးမှာ ခေါ်ပြီး စစ်သင်တန်းတက်ခိုင်းတယ်။ အဲဒါတွေက လွဲချော်တာပေါ့။ ဆရာ၊ ဆရာမတွေက သင်ကြားနည်းစနစ်တွေ လေ့လာဖို့ လိုတယ်။ ကလေးတွေရဲ့ စိတ်ပညာတွေ နားလည်ဖို့ လိုတယ်။ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုမျိုးရှိတဲ့ သင်တန်းတွေ လိုအပ်တယ်။ အုပ်ချုပ်ရေးကို အမိန့်နာခံတဲ့ သင်တန်းတွေ မလုပ်ရဘူး။”

အစိုးရသက်တမ်း တ၀က်ကျိုးပြီ။ ဆရာတွေရဲ့ ဘ၀တိုးတက်မှုမရှိသေးဘူးဆိုတော့ ကျန်တဲ့ သက်တမ်းတ၀က်မှာရော ဘာတွေဖြစ်လာနိုင်လဲ။

“လာမယ့် နောက်သက်တမ်းမှာ ပညာရေးဌာနရဲ့ ပြင်ဆင်မှုအရတော့ ဆရာတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ မြှင့်တင်မှုမှာ မတွေ့ရဘူး။ ဒါကြောင့် လာမယ့်သက်တမ်းမှာလည်း ဆရာတွေဟာ ထူးထူးခြားခြား မြင့်တက်လာမယ့် အရိပ်လက္ခဏာ မတွေ့သေးဘူး။ အဲအတွက် ဆရာတွေရဲ့ အရည်အချင်းမြှင့်ဖို့၊ ဆရာတွေ လုံလောက်တဲ့ ထောက်ပံ့ကြေးပေးဖို့ ကျနော်တို့ အကြံပေးထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013