
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက ဖြူးမြို့နယ်၊ ကျောက် ကျောက်တံခါးမြို့နယ်နဲ့ ပဲနွယ်ကုန်းမြို့နယ်တို့မှာ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဖြူးမြို့မှာ အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူတွေဟာ မြို့မစျေးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖြူးမြို့နယ်ဆန္ဒပြပွဲမှာ ဝန်ထမ်းအများစု ပူးပေါင်းပါဝင်နေပြီ ဌာနဆိုင်ရာရုံးတချို့လည်း ပိတ်ထားပါတယ်။
ရဲတပ်ဖွဲနဲ့ စစ်တပ်ကလည်း လမ်းတချို့ကို ပိတ်ထားပြီး ရဲကား၊ စစ်ကားနဲ့ ရေသယ်ကားတွေကိုလည်း ဖြူးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးမှာ အဆင်သင့် ပြင်ဆင်ထားတာတွေ့ရပါတယ်။
ကျောက်တံခါးမြို့နယ်မှာတော့ ဖဒို၊ ကျောက်တံခါး၊ တောကျွဲအင်း၊ ပဲနွယ်ကုန်းစတဲ့ ဒေသကပြည်သူတွေဟာ မြို့နယ်ရုံးတည်ရှိတဲ့ စုပေါင်းရုံးတွေကို လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ပဲနွယ်ကုန်းမြို့မှာလည်း ဆန္ဒပြပြည်သူတွေဟာ စုရပ်ကနေ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မြို့လယ်မှာ ထိုင်သပိတ် ဆက်ပြခဲ့ကြပါတယ်။
သတင်း- ကျော်အောင် /ဗိုလ်သူရိန်











