DVB Logo
Home
မေးမြန်းခန်း
၂၀၁၃ အလှမယ် မိုးစက်ဝိုင်နှင့် မေးမြန်းချက်
DVB
·
October 4, 2013
၂၀၁၃ အလှမယ် မိုးစက်ဝိုင်နှင့် မေးမြန်းချက်
Donate to DVB

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပတဲ့ Miss Universe Myanmar 2013 ပြိုင်ပွဲမှာ မိုးစက်ဝိုင် အသက် ၂၅ နှစ်က ပထမဆု ရရှိသွားပါတယ်။
မိုးစက်ဝိုင်ဟာ ပထမဆုရရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံမှာ နိုဝင်ဘာ ၉ ရက်နေ့ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ မယ်ပြိုင်ပွဲကို ဒီနှစ်မှာ ပထမဆုံး ပြန်လည်ကျင်းပခွင့်ရခဲ့တာဖြစ်ပြီး ပထမဆုံး ကျင်းပခွင့်ရတဲ့ ဒီပြိုင်ပွဲမှာ ဆုရတဲ့အပေါ် မိုးစက်ဝိုင် ဘယ်လိုခံစားရလဲ ဆိုတာကို မေးမြန်းထားပါတယ်။

Miss Universe 2013 ပြိုင်ပွဲမှာ ပထမဆုရရှိသွားတဲ့အပေါ် စိတ်ခံစားချက်လေးပြောပါ။

“အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အဓိက မြန်မာပြည်က ပထမဆုံး အကြိမ် နှစ် ၅၀ ကျော်ကြာမှာ  ပြန်လည်ကျင်းပတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ပထမဆုံး အကြိမ် ပြန်လည်ကျင်းပတဲ့ Miss Universe 2013  မှာ Miss Universe  ဖြစ်တဲ့အတွက်လည်း အရမ်းအရမ်းကို ဂုဏ်ယူပါတယ်။ ၂၀၁၃ မှာ SEA GAME တွေကော မြန်မာပြည် တိုးတက်တဲ့ခြေလှမ်းတွေနဲ့အတူ တက်လှမ်းနေတဲ့အပေါ် မိုးစက် တစိတ်တဒေသ ပါဝင်ရတဲ့ အတွက် အရမ်းကို ၀မ်းမြောက်ပါတယ်။”

အမေရိကန်ကနေ ဘယ်လိုဖြစ်လို့ Miss Universe 2013 ကို ၀င်ပြိုင်တာပါလဲ။

“မိုးစက်က အစက ကျောင်းတက်တယ်။ ကျောင်းတက်တိုင်းလည်း ရန်ကုန်ကို ပြန်ပြန်လာတယ်။ မိသားစုအကုန်လုံးလည်း ဒီမှာဆိုတော့။ ကျောင်းပြီးသွားတဲ့အခါမှာလည်း အလုပ်လုပ်ဖြစ်တယ်။ အလုပ်ပြီးတဲ့အခါမှာလည်း ဒီကို အပြီးပြန်လာတယ်။ ပြန်လာတဲ့အခါမှာ သူငယ်ချင်းတယောက် ဒီပွဲနဲ့ ကြုံတယ်လို့လာပြောပြတဲ့အခါ မိုးစက် အရမ်း စိတ်ဝင်စားသွားတယ်။ Miss Universe ပွဲဆိုတာ အရင်ကတည်းက ကြည့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီ အခွင့်အရေးတောင် ရမယ်လို့ မထင်ထားပါဘူး။ ဒီတခေါက်က ကိုယ့်မြန်မာပြည်က သွားခွင့်ရှိတယ်။ ကိုယ့်မြန်မာပြည် ကိုယ်စားပြုလို့ရမယ်။ ကိုယ့်ဘာသာ စကားပြောခွင့်ရှိတယ်။ အဲဒီတော့ နိုင်ငံကိုယ်စားပြုမယ်ဆိုတော့ အရမ်းအရမ်းကိုယ်စိတ်ဝင်စားပြီး အရမ်းအရမ်းကို ပါချင်တာပါ။”

Miss Universe 2013 ရပြီဆိုတော့ ရုရှားနိုင်ငံသွားဖို့အတွက် ဘယ်လိုမျိုးပြင်ဆင်မှုတွေ ရှိပြီလဲ။

“အခု အချိန်တိုတိုအတွင်းမှာ ပြင်ဆင်စရာတွေက အများကြီး။ အဓိက ပြင်ဆင်ရမှာက ခန္ဓာကိုယ် လေ့ကျင့်ရမယ်။ နိုင်ငံကို ကိုယ်စားပြုတယ်ဆိုတော့ တင်ဆက်ပုံကောင်းဖို့လိုတာပေါ့နော်။ လမ်းလျှောက်တဲ့ စကေး လေ့ကျင့်ရမယ်။ ဗဟုသုတတိုးဖို့အတွက် စာတွေဘာတွေဖတ်ရမယ်။ ကျန်တဲ့ဟာတွေက မိုးစက် အနေနဲ့ ထွေထွေထူးထူး လေ့ကျင့်ဖို့မလိုပါဘူး။”

ကမ္ဘာလုံးဆိုင်ရာနဲ့ ၀င်ပြိုင်မယ်ဆိုတော့ တခြားပြိုင်ဘက်တွေနဲ့ ထူးခြားအောင် မိုးစက် အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။

“တယောက်နဲ့တယောက် မတူဘူးပေါ့နော်။ အခုဟာက နိုင်ငံအသီးသီးက ကိုယ်စားပြုတဲ့ သူဆိုတော့ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ ဘာမတူဘူးလဲဆိုတာ ဖော်ပြနိုင်ဖို့လိုပါတယ်။ မိုးစက်အနေနဲ့ အဓိကဖော်ပြချင်တာကတော့ မြန်မာစိတ်နဲ့ မြန်မာ့ယဉ်ကျေးမှုပေါ့။”

ညီမက ဘာလူမျိုးလဲမသိဘူး။

“မိုးစက်က စပ်ထားတာတွေများပါတယ်။ ရှမ်းရယ်၊ မြန်မာရယ်၊ တရုတ်လည်း နည်းနည်းပါပါတယ်။”

မြန်မာပြည်မှာ မွေးတာလား။

“ဟုတ်ကဲ့။ မြန်မာပြည်မှာမွေးတာပါ။ မြန်မာပြည်မှာ မွေးပြီး ဘွဲ့လည်း ရထားပါတယ်။”
ရုရှားမှာ သွားပြိုင်တဲ့အခါ ဆုရအောင် ကြိုးစားဖို့ ဘယ်လို ပြင်ဆင်ထားလဲ။
“ဆုရအောင်တော့ ကြိုးစားမှာပေါ့။ အဓိကကတော့ မြန်မာပြည်ဂုဏ်မြောက်စေချင်ပါ တယ်။ အဆုံးစွန်အထိ အတတ်နိုင်ဆုံး အကောင်းဆုံး ဘာမှမဖြစ်ဖြစ်ရင်တောင် မြန်မာပြည် ဂုဏ်မြောက်စေချင်တာက မိုးစက်ရဲ့ အဓိက ရည်ရွယ်ချက်ပါ။”

နှစ် ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် Miss Universe Myanmar အဖြစ် အရွေးခံရတယ်ဆိုတော့ နောက်နှစ်တွေမှာ ပြိုင်ပွဲဝင်မယ့် ညီမလေးတွေအတွက် ဘယ်လိုမျိုးတွေ ပြောချင်တာ ရှိလဲ။

“ကိုယ်တတ်စွမ်းသမျှ ရတဲ့အချိန်မှာ အခွင့်အရေးကြုံလာရင် အားလုံးကြိုးစား သင့်တယ်လို့ မြင်ပါတယ်။”
မိုးစက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် ဒီဆုရတယ်လို့ ထင်လဲ။
“အဓိက ဆုရတာ ပြည်သူတွေ ရွေးချယ်တာလို့ မြင်ပါတယ်။ Miss Famous လည်းရထားတယ်။ အားလုံးကလည်း အရမ်းအားပေးကြတယ်။ အဲဒါကြောင့်လည်း ပိုပြီးအားတက်တာပေါ့နော်။ နောက် မြန်မာစိတ်လည်း ဖော်ပြနိုင်တယ်လို့ ထင်ပါတယ်။”

ဒီဗွီဘီ ပရိသတ်ကို ဘာများပြောချင်သေးလဲ။

“အားလုံး အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ အခုတလောမှာ မိုးစက်က အချိန်တိုအတွင်းမှာ ရုရှားပွဲသွားဖို့အတွက် ရွေးချယ်ထားတာဆိုတော့ ကိုယ့်ရဲ့ ဦးတည်ချက်ကို လွဲသွားတာဖြစ်မှာစိုးလို့ တချို့ဟာတွေမှာ မဖြေကြားမိတာတို့၊ တချို့နေရာတွေမှာ မပါဝင်မိတာတို့ ရှိနိုင်တာတွေကို ခွင့်လွှတ်ပေးကြပါလို့။ အဓိက  လုပ်ချင်တာက ရုရှားမှာ အကောင်းဆုံးဖြစ်အောင်လို့ လုပ်ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013