DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံသုံးသပ်ရေး လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒယူမည်
DVB
·
October 4, 2013
ဖွဲ့စည်းပုံသုံးသပ်ရေး လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒယူမည်
Donate to DVB

ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ   ဖွဲ့စည်းပုံပြင်ဖို့   ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_44359" align="alignleft" width="300" caption="ဓာတ်ပုံ - ပြည်သူ့လွှတ်တော်"][/caption]

၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အများပြည်သူတွေရဲ့ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ကော်မတီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေဆီက လေ့လာသုံးသပ် အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က တဆင့် တောင်းခံသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ပြည်သူ့ဆန္ဒသဘောထားတွေကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုင်ရာ နယ်မြေတွေအလိုက် ရှင်းပြပြီး သဘောထား ရယူသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က  ပြောပါတယ်။

“ကျနော်တို့ဆီကို စာပို့တာအပြင် ပြည်သူလူထုက ဆက်သွယ်မှုအမျိုးမျိုးနဲ့ ဆက်သွယ်လို့လည်း ရတယ်။ နယ်တွေမှာလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဆင်းတဲ့အခါမှာ ကျနော်တို့ ဒါတွေကို ယူပါ့မယ်။ ထို့နည်းတူ လွှတ်တော်ကိုယ်စားလှယ်တွေ ဆန္ဒနဲ့လည်း ပြည်သူ့ဆန္ဒကို ရယူမယ်။ ပြည်သူများကိုယ်တိုင်ကလည်း မိမိတို့လိုတာကို မိမိတို့ တင်ပြချင်တာကို တင်ပြလို့ရအောင် ကျနော်တို့ ဖိတ်ခေါ်လိုက်တာပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးလိုတဲ့ နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေထံကတဆင့် သော်လည်းကောင်း၊ လွှတ်တော်ကော်မတီအတွင်းရေးမှူးထံသော်လည်းကောင်း နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့နိုင်ကြတယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့   ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူထံချပြဖို့က   အသေးစိတ်တွေ အများကြီး  ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

“ပြည်သူ့ဆန္ဒဆိုတာ အမြဲတမ်းခံယူဖို့ ကောင်းတာပေါ့။ သို့သော် ကျနော်တို့က ဒါကို ဘယ်လိုခံယူမှာလဲ။ ထိုင်တဲ့သူများတယ်၊ မတ်တတ်ရပ်တဲ့သူများတယ်။ အဲလိုမျိုး ခွဲပြီး ဆုံးဖြတ်မှာလား။ မဲနဲ့ ထည့်မှာလား၊ ဘယ်နှမဲရတယ်လို့ ပြောရမှာလဲ၊ ဒါတွေက အသေးစိတ်ပြန်ဆွေးနွေးရဦးမယ်ထင်တယ်။ ကျနော်တို့က ဒီလိုလုပ်ပါမယ်ခင်ဗျ၊ အဲဒါကို သဘောတူပါရဲ့လားဆိုပြီး ပြောရမှာလား မသိဘူး။ လောလောဆယ်တော့ ကျနော်တို့ မရှင်းသေးဘူး။ သူတို့လည်း ဘာမှ မရှင်းပြသေးဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကလည်း ဖွဲ့စည်းပုံ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲတွေ နိုင်ငံအနှံ့ ဆောင်ရွက်သွားဖို့ စီစဉ်နေချိန်မှာ အခုလို လွှတ်တော်ကော်မတီကလည်း လူထုသဘောထား တောင်းခံလာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ်ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့   ပြည်သူ့ဆန္ဒ ခံယူပုံယူနည်းက  အရေးကြီးမယ်လို့ ပြောပါတယ်။

“ပြည်သူတွေကို ဘယ်လိုလုပ်ချင်သလဲ၊ အခြေခံဥပဒေက ဒီလိုရှိတယ်။ ခင်ဗျားတို့ ဘာတွေပြင်ချင်သလဲ မေးမှာလဲ၊ ဘယ်လိုလုပ်ချင်သလဲ မေးမှာလားဆိုတာတော့ ကျနော်တို့ မသိဘူး။ ဘယ်လိုလုပ်ချင်သလဲ မေးတာကျတော့ လမ်းကြောင်းပေးတာ ရောက်တာပေါ့။ ဘာတွေပြင်ချင်သလဲဆိုတာကတော့ သိပ်မဆိုးဘူးပေါ့။ ဒီအခြေခံဥပဒေက ဒီမိုကရက်တစ်မဖြစ်ဘူး၊ ဖက်ဒရယ်ပုံစံမကျဘူး၊ လူ့အခွင့်အရေးမှာလည်း နစ်နာနေတယ်၊ အာဏာခွဲဝေကျင့်သုံးမှုမှာလည်း အားနည်းနေတယ်၊ အဲဒါတွေ ပြင်ချင်သလားလို့ မေးရင်တော့ တမျိုးပေါ့။ အခြေခံဥပဒေကို ဘယ်လိုလုပ်ချင်သလဲ မေးရင်တော့ ဒါကအဲနောက်ကွယ်မှာ ရှိတဲ့ သဘောထားကို ကျနော်မသိဘူး။ ကျနော် ဖြေလို့ မရပါဘူး။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြင်ဆင်သင့်တဲ့ အချက်တွေကို လေ့လာနိုင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ပြီးခဲ့တဲ့  ဇူလိုင်လက  ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။

ဒီကော်မတီကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး နဲ့ ပါတီအလိုက် ကိုယ်စားလှယ် အချိုးကျပါဝင်တဲ့  ၁၀၉ ဦး နဲ့ ဖွဲ့စည်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013