DVB Logo
Home
မြန်မာသတင်း
သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း
DVB
·
October 4, 2013
သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း
Donate to DVB

ညမထွက်ရထုတ်ပြန်ထားတဲ့ သံတွဲမြို့နယ်မှာ မီးရှို့မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေတဲ့ကြားက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက မီးရှို့မှုတချို့ ထပ်မံဖြစ်ပွားခဲ့သလို လူတချို့ကိုလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

မနေ့က ညနေပိုင်း ၆ နာရီကျော်လောက်မှာ ဗောဓိကုန်းအရပ်ဖြစ်တဲ့ ငါးရပ်ကွက်၊ ခြောက်ရပ်ကွက်က မွတ်စလင်အိမ်တွေကို ခဲနဲ့ပစ်တယ်၊ အစ္စလာမ်တွေအိမ်မှာ ငှားနေတဲ့ ဗုဒ္ဓဘာသာတွေကို ဖယ်ခိုင်းပြီး ညကျရင် ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သိလိမ့်မယ်လို့ ပြောတယ်လို့ဆိုပါတယ်။ ရဲကို သတင်းပို့တဲ့အခါ သေနတ် ဆယ်ချက်ပစ်ဖောက်သတိပေးလို့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ကိုဝင်းနိုင်က “သံတွဲမြို့ရဲ့ခြောက်မိုင်ခန့်အကွာမှာ ကျောက်ဆိပ်ဆိုတဲ့ ရွာလေးရှိတယ်။ အဲဒီ ကျောက်ဆိပ်ရွာမှာ အစ္စလာမ်ဘာသာဝင် မိသားစု သုံးစု ရှိတယ်။ အိမ်သုံးလုံးပေါ့ခင်ဗျ။ အဲဒီအိမ်သုံးလုံး ရှိတဲ့အထဲက နှစ်လုံး မီးလောင်ခံထားရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ညသန်းခေါင်မတိုင်ခင် သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်လောက်အကွာက ကျောက်ဆိပ်ရွာမှာ နေထိုင်တဲ့ မွတ်စလင်အိမ်သုံးလုံးကိုမနေဖို့ ကြိုတင်သတိပေးပြီး ည၁၁ နာရီလောက်မှာတော့ ၂ လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သံတွဲခရိုင်ရဲမှူးကြီးက “မီးလောင်မှုက ချင်းမော်အုပ်စု ကျောက်ဆိပ်မှာခင်ဗျ။ ကျနော်တို့ဆီ သတင်းပို့တာက ၂ လုံးပါခင်ဗျ။ ရွာအစပ်မှာ ရှိတဲ့ ချောင်းကမ်းနားမှာ ခင်ဗျ” လို့ ပြောပါတယ်။

မီးရှို့မှုတွေနဲ့ ဆက်စပ်ဖမ်းဆီးထားသူခြောက်ဦးကို ရုံးတင်ရမန်ယူပြီး သံတွဲထောင်ကို ပို့ဆောင်ခဲ့တာနဲ့ နောက်ထပ်မြို့ပေါ်က နှစ်ဦးကို ဖမ်းဆီးတယ်ဆိုတာကိုလည်း ခရိုင်ရဲမှူးကြီးက အတည်ပြုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းက ကယ်ဆယ်ထောက်ပံ့ရေးအလုပ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်သိသလောက်တော့ ထောက်ပံ့ရေး ကယ်ဆယ်ရေး ပစ္စည်းတွေပေးတယ်။ ပေါက်တောဖက်ဆိုရင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ဆောင်ရွက်လျက်ရှိတယ်ဆိုတာ သိရပါတယ်။”

ဒေသခံတဦးရဲ့အဆိုအရ သန်းခေါင်ကျော်ချိန်မှာ ငပလီကမ်းခြေအနီးက မြင်းသာရွာက အိမ်တလုံးကို မီးတင်ရှို့ခဲ့ပေမယ့် ၀ိုင်းငြိမ်းသတ်လို့ မလောင်ကျွမ်းဘူးလို့ ပြောပြပါတယ်။

ဒီမီးလောင်မှုတွဟာ သံတွဲမီးရှို့မှုအပေါ် သက်ဆိုင်ရာက အရေးယူ ကိုင်တွယ်နေတဲ့ ကြားက ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြို့ဧရိယာတွင်း ကျေးရွာအုပ်စုသုံးစုက ရွာခြောက်ရွာမှာ မီးရှို့မှုကြောင့်   အိမ်ခြေ ၇၀ လောက်နဲ့ ဗလီနှစ်လုံး မီးလောင်ခဲ့သလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ အပါအ၀င် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး မနေ့ညနေပိုင်းကတော့ ရမန်ယူပြီး သံတွဲထောင်ကို ပို့ ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013