
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)အနေနဲ့ ‘ဝ’ ဒေသမှာ လုပ်ဆောင်နေတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ရုပ်သိမ်းလိုက်ပြီလို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က ဩဂုတ် ၇ ရက်မှာ ပြောပါတယ်။
အကူအညီတွေကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက ရုပ်သိမ်းခဲ့သလို ဒေသခံရုံးကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ အပြီးပိတ်သိမ်းခဲ့တယ်လို့ ပြောပါတယ်။
ဒီလိုဆုံးဖြတ်ခဲ့ရတာဟာ ရန်ပုံငွေရရှိဖို့ အခက်အခဲကြီးကြီးမားမားကြုံနေရတာ၊ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို လူသားချင်းစာနာမှု အကူအညီလိုအပ်မှုအများဆုံးဒေသတွေကို ဦးစားပေး သုံးစွဲနေရတာနဲ့ နယ်မြေအတွင်း သွားရောက်ကူညီခွင့်အခြေအနေတွေ ပြောင်းလဲလာတာကြောင့်လို့ ဆိုပါတယ်။
WFP ဟာ ‘ဝ’ ဒေသမှာ ၂၀၀၄ ခုနှစ်ကတည်းက လွန်ခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့တာ၊ ကျောင်းတွင်း အာဟာရပံ့ပိုးတာ၊ HIV/TB ဝေဒနာရှင်တွေကို ကူညီတာနဲ့ အသက်မွေးဝမ်းကျောင်း အစီအစဉ်တွေကို ကူညီပေးခဲ့တာဖြစ်ပါတယ်။










