DVB Logo
Home
Lead Story
အာဏာသိမ်းမှုကို အကြမ်းမဖက်အာခံနည်းဖြင့် အနိုင်ယူခြင်း
DVB
·
February 12, 2021
အာဏာသိမ်းမှုကို အကြမ်းမဖက်အာခံနည်းဖြင့် အနိုင်ယူခြင်း
Donate to DVB

အာဏာသိမ်းမှုနဲ့ရင်ဆိုင်ရတဲ့အခါ အကြမ်းမဖက်အာခံတဲ့နည်းနဲ့တုံ့ပြန်ပြီး အနိုင်ယူနိုင်ပါတယ်လို့ ဆရာကြီး ဂျင်းရှပ် ( Gene Sharp) က ပြောပါတယ်။ အာဏာ သိမ်းတဲ့သူတွေ ဘာလုပ်သလဲ၊ ဘာကြောင့် အဲဒီလိုလုပ်နေတာလဲ၊ အဲဒီလုပ်ရပ်တွေကို ဘယ်လိုတန်ပြန်မလဲ ဆိုတာကို အာခံသူတွေဘက်က ရှင်းရှင်း လင်းလင်းသိမြင်နားလည်ဖို့တော့ လိုတယ်လို့  အာဏာသိမ်းမှုကို တန်ပြန်ခြင်း (Anti-Coup) စာအုပ်ထဲမှာ ရေးသားထားပါတယ်။

       ဆရာကြီးရဲ့ရေးသားချက်တွေထဲမှာ ပါဝင်တာတွေက −

(၁) အာဏာသိမ်းအဖွဲ့အနေနဲ့ အာဏာသိမ်းပြီးတာနဲ့တပြိုင်နက်  အရေးတကြီးလိုအပ်တာကတော့ တရားဝင်မှု ( Legitimacy ) ဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းမှုဟာ မဖြစ်မနေအခြေအနေကြောင့် လုပ်ရတာဖြစ်တဲ့အကြောင်း၊ အာဏာသိမ်းအဖွဲ့မှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အခွင့်အရေးရှိကြောင်း အများပြည်သူလက်ခံအောင် လုပ်ကြပါတယ်။

(၂)  အာဏာသိမ်းအဖွဲ့ဟာ တရားဝင်မှုကို ရဖို့အတွက်  ဘာသာရေးခေါင်းဆောင်တွေ၊ အများပြည်သူ လေးစားတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်ဟောင်းနဲ့ အရာရှိဟောင်းတွေထံ ချဉ်းကပ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေရဲ့ ထောက်ခံအားပေးမှုကိုရရှိရင် အများပြည်သူကလည်းသူတို့ကို လက်ခံလာမှာပဲလို့ ယေဘုယျခံယူထားပါတယ်။

(၃) အာဏာသိမ်းအဖွဲ့ဟာ တရားဝင်မှုကို အမြန်ဆုံးရရှိဖို့ လိုအပ်သလိုပဲ အရပ်ဘက်ခေါင်းဆောင်တွေနဲ့  ပြည်သူလူထုရဲ့ ထောက်ခံချက်ကို ရရှိဖို့လည်း လိုအပ်ပါတယ်။ တဆက်တည်းမှာပဲ ကျွမ်းကျင်ပညာရှင်တွေ၊ အကြံပေးတွေ၊ ဗျူရိုကရက်အရာရှိတွေ၊ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ တရားသူကြီးတွေရဲ့ ပူးပေါင်း မှုကိုလည်း ရဖို့ လိုပါတယ်။ ဒါမှ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်နိုင်မှာ ဖြစ်ပါတယ်။

(၄) သူတို့ခိုင်းသလို လုပ်ပေးမယ့် သတင်းစာဂျာနယ်နဲ့ ရေဒီယိုရုပ်မြင်သံကြားဌာနတွေ၊ သတင်းသမားတွေနဲ့ မီဒီယာလုပ်ငန်းပညာရှင်တွေကိုလည်း လိုပါတယ်။ နှိမ်နင်းတာ၊ ဖမ်းဆီးတာ၊  ထိန်းသိမ်းထောင်ချတာတွေ လုပ်ပေးမယ့် စစ်တပ်၊ ရဲအဖွဲ့နဲ့ အကျဉ်းထောင်အရာရှိတွေကိုလည်း လိုအပ်ပါတယ်၊၊ သူတို့မူဝါဒ အတိုင်း ပြောင်းလဲပြီး လုပ်ဆောင်ပေးမယ့် သူတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း လိုပါတယ်။

(၅) အနှစ်ချုပ်ရရင် အာဏာသိမ်းအဖွဲ့အနေနဲ့ သူတို့ရဲ့ အာဏာကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် တရားဝင်မှုနဲ့  ပြည်သူလူထုရဲ့ ပူးပေါင်းမှုကို အကြီးအကျယ် လိုအပ်ပါတယ်။

(၆) သာမန်ပြည်သူတွေအနေနဲ့ အာဏာသိမ်းအဖွဲ့ကို တရားမဝင်အဖွဲ့အဖြစ် ထင်ရှားနေအောင်လုပ်တာမျိုး၊ အာဏာသိမ်းအဖွဲ့နဲ့ မပူးပေါင်းတာမျိုး၊ အာဏာသိမ်းအဖွဲ့ကို မထောက်ခံတာမျိုးကို အလွယ်တကူ လုပ်နိုင်ပါတယ်။

(၇) အကြမ်းမဖက်တဲ့ ငြင်းဆန်မှုတွေ၊ အာခံမှုတွေ၊ မပူးပေါင်းမှုတွေကို လုပ်ပြီး အာဏာသိမ်းမှုကို ပြိုကွဲ သွားအောင်လုပ်နိုင်ပါတယ်။

(၈) ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အများပြည်သူက အာဏာသိမ်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အမိန့်တွေကို မလိုက်နာရုံနဲ့ အာဏာသိမ်းအဖွဲ့လိုအပ်ချက်တွေကို မရအောင် တားဆီးနိုင်ပါတယ်၊၊

(၉) မပူးပေါင်းဘူး၊ မနာခံဘူး၊ မထောက်ခံဘူးဆိုတာမျိုးနဲ့တင် အာဏာသိမ်းအဖွဲ့ရဲ့ အုပ်ချုပ်ရေးကို ပိတ်ဆို့ ဟန့်တားနိုင်ပါတယ်၊၊

(၁၀) အလယ်အလတ်တန်းအာခံမှုမျိုးလောက် လုပ်ရုံလောက်နဲ့ပဲ အာဏာသိမ်းအဖွဲ့ဟာ သူတို့လိုအပ်တဲ့ တရားဝင်မှုနဲ့ ပူးပေါင်းမှု တည်တံ့နေဖို့အတွက် အသေအလဲ ကြိုးစားကြရလိမ့်မယ်။

(၁၁) အားကောင်းတဲ့အာခံမှုမျိုးကို လုပ်မယ်ဆိုရင်တော့ အများပြည်သူအနေနဲ့ အာဏာသိမ်းအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အလုံးအရင်းနဲ့ မပူးပေါင်းမပါဝင်ဖို့ လိုအပ်ပါတယ်။ အာဏာအသိမ်းခံရတဲ့ တရားဝင်အစိုးရကို အင်ပြည့်အားပြည့်ထောက်ခံနေဖို့ လိုအပ်ပါတယ်။ အာခံတဲ့လုပ်ငန်းကို လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊၊

(၁၂) အင်အားလည်းကောင်း၊ ဆုံးဖြတ်ချက်နဲ့ သန္နိဋ္ဌာန်လည်းခိုင်မာပြတ်သား၊ လူ့အဖွဲ့အစည်း တစ်ခွင်တစ်ပြင်လုံးလည်း ပါဝင်တဲ့ ငြင်းဆန်မှု၊ မပူးပေါင်းမှု၊ အာခံမှုတွေကို လုပ်ဆောင်နိုင်ရင် အာဏာသိမ်းအဖွဲ့ရဲ့ လိုအပ်ချက်တွေနဲ့ ရည်မှန်းချက်တွေကို ပိတ်ဆို့ဟန့်တားနိုင်မှာဖြစ်ပြီး အာဏာသိမ်းမှုကို အနိုင်ယူနိုင်ပါ လိမ့်မယ်။

(၁၃) အာဏာသိမ်းအဖွဲ့အတွက်မဖြစ်မနေလိုအပ်တဲ့ တရားဝင်မှုနဲ့ ပူးပေါင်းပါဝင်မှုကို လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ ပြတ်ပြတ်သားသားငြင်းဆန်နိုင်မယ်ဆိုရင် အာဏာသိမ်းမှုဟာ နိုင်ငံရေးအရအင်အား ဆုတ်ယုတ်ပြီး နိဂုံးချုပ်သွားပါလိမ့်မယ်။   

ဆရာကြီးဂျင်းရှပ်ရဲ့ ရေးသားချက်တွေကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် “အာဏာသိမ်းအဖွဲ့ဟာ တရားမဝင်အစိုးရဖြစ်တဲ့အတွက် ထောက်ခံအားပေးစရာမလိုသလို သူ့အမိန့်ကို နာခံစရာ လည်းမလိုဘူး၊ ပူးပေါင်းစရာလည်းမလိုဘူး” ဆိုတဲ့ ပြည်သူလူထုရဲ့အာခံမှုဟာ အမှန်တရား အပေါ်မှာ ခိုင်ခိုင်မာမာအခြေခံထားတာ ဖြစ်တဲ့အတွက် အလွန်အားကောင်းပါတယ်။

ဒါကို ထပ်မံအားဖြည့်ပေးနေတဲ့အချက်ကတော့ ပြည်သူပြည်သားအများစုက ရွေးကောက်ပွဲမှာမဲပေးပြီး ရွေးချယ်ထားတဲ့ တရားဝင်အစိုးရဟာ ယခုထက်တိုင် တည်ရှိနေပြီး အဲဒီတရားဝင်အစိုးရကို ကုလသမဂ္ဂ အဖွဲ့ကြီးကရော၊ နိုင်ငံတကာကရော ထောက်ခံနေတဲ့အချက်ဖြစ်တဲ့အတွက် ဘယ်သူကမှ ဖျောက်ဖျက် ဖယ်ရှားပစ်လို့ မရတဲ့အချက် ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ တရားဝင်အစိုးရဟာ လက်ရှိလျှောက်လှမ်းနေတဲ့ “အကြမ်းမဖက်အာခံရေးလမ်းကြောင်း” အတိုင်း ဆက်လက်ချီတက်နေဖို့ပဲ ရှိပါတယ်။

( စာညွှန်း = The Anti-Coup by Gene Sharp )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013