DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော
DVB
·
October 3, 2013
အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော
Donate to DVB

အောက်တိုဘာ ၈ ရက်ကနေ ၁၀ အထိ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မသေချာသေးဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်  ကေအိုင်အေ  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့နဲ့   အစိုးရ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက လုပ်ငန်းအဖွဲ့တွေ  မြစ်ကြီးနားမှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ပြောဆိုလိုက်တာပါ။

ကေအိုင်အေ လုပ်ငန်းကော်မတီအဖွဲ့ရဲ့   ပြောခွင့်ရသူ ဦးဒေါင်ခါးက “လက်မှတ်ထိုးနိုင်တဲ့အဆင့်ဆိုတာ ဒီလို ကျနော်ရှင်းရှင်းလင်းလင်းပြောချင်တယ်။ ကျနော်တို့က အစည်းအဝေးတိုင်းမှာ အမြဲတမ်း လက်မှတ်ထိုးတာတော့ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး သဘာတူညီချက်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီတခေါက်လည်း အဲဒီအပိုင်းတော့ ဆွေးနွေးကောင်း ဆွေးနွေးမယ်။ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတဲ့ဟာက သဘောတရားက လုပ်နေကြဆိုရင် အစည်းအဝေးမှတ်တမ်းမှာ ကျနော်တို့ အမြဲလက်မှတ်ထိုးတယ်။ ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာမျိုးတော့ အစိုးရကလည်း ကြေညာထားပြီး သားပဲ။ ဒါက အားလုံးပါတဲ့ အခြေအနေမှာမှ  လုပ်ကြမယ်။”

အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့က အစိုးရနဲ့အေအိုင်အေ လုပ်ငန်းအဖွဲ့တွေရဲ့  ၂ ရက်တာ ဆွေးနွေးပွဲမှာ ပြည်တွင်းကချင် အိုင်ဒီပီ ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး မူတခု ကျတဲ့အထိ ဆွေးနွေးဖို့၊ တပ်ပိုင်းဆိုရာ ကိစ္စတွေဆွေးနွေးဖို့၊ နိုင်ငံရေးဆိုင်ရာ စတာတွေ  ဆွေးနွေး ညှိနှိုင်းခဲ့ကြတာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေမှုဟာ အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့  သဘောထားပေါ်မူတည်ပြီး  ဖြစ်ပေါ်လာနိုင်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“အလုပ်အဖွဲ့အနေနဲ့ ကျနော်ပြောမယ်ဆိုရင် အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်) ဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေဖြစ်တယ်။ ဆိုတော့ အနှေးနဲ့ အမြန်ဆိုဟာက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ အစိုးရကြား ဘယ်လောက်အထိ ယုံကြည်မှု တည်ဆောက်လို့ရလဲ။ အကောင်အထည် ဖော်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ ဖြေရှင်းသွားမယ့်လုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ပွင့်လင်းမြင်သာပြီးတော့ ရိုးသားမှုရှိလဲ။ နှစ်ဘက်ယုံကြည်မှု ဘယ်လောက်အတိုင်းအတာအထိ တည်ဆောက်လို့ရတယ်ဆိုတဲ့အပေါ်မှာ အခြေခံသွားမှာပါ။ အဓိကတော့ ကျနော်တို့ ဦးတည်ချက်ချင်းတူတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးကလည်း ငြိမ်းချမ်းရေးဦးတည်ချင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ သဘောထားတွေ အမြဲတမ်း ဖော်ပြလျက်ရှိတယ်။ အစိုးရကော ဒီဘက်ကော ဖော်ပြနေတဲ့ အပိုင်းတွေ အများကြီးတွေ့ရပါတယ်။ အနှေးနဲ့ အမြန်တော့ ဖြစ်သွားမှာပါ။”

ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ခေါင်းဆောင်တွေ တက်ရောက်မယ့်   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို  အောက်တိုဘာလ ၈ ရက်ကနေ ၁၀ အထိ မြစ်ကြီးနားမှာ ကျင်းပဖို့လည်း အခုအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက  ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားအပေးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၁၃ မေလမှာတော့  ကေအိုင်အိုနဲ့ အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး  နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013