
အာဏာသိမ်းစစ်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြောကြားခဲ့ပြီးနောက် ဒီနေ့မှာတော့ နေပြည်တော်ရှိ ဝန်ထမ်းတွေက ဆန္ဒပြကန့်ကွက်မှုတွေ ပိုမိုအရှိန်မြှင့်တင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က အစိုးရပိုင်မီဒီယာတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ ဝန်ထမ်းတွေ ရုံးမတက်အောင် မသမာသူတွေက လှုံ့ဆော်မှုတွေ ပြုလုပ်နေကြပြီး အချို့ဝန်ထမ်းတွေလည်း နားယောင်နေတာတွေရှိကြောင်း၊ ရုံးပျက်ကွက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနအသီးသီးမှာ အလုပ်ပြန်လာလုပ်ဖို့ အတွက် တိုက်တွန်းခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းပြောပြီးနောက်တစ်နေ့မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ လျော့ကျသွားခြင်းမရှိဘဲ ထပ်မံတိုးမြှင့်လာတာပါ။
ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ နေပြည်တော်အနှံ့ကို လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသလို ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ဝန်ထမ်းအိမ်ရာတွေဘက်ကို အဓိကထား သွားရောက်ခဲ့ကြပြီး လမ်းဘေဝဲယာက ပြည်သူတွေကလည်း ထောက်ခံတဲ့ပုံစံတွေကို ပြသခဲ့ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ဥပဒေအရာရှိတွေလည်း ပါဝင်ပြီး ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ရာမှာ ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်တယ်ဆိုတာ သိရှိနိုင်အောင် ပါဝင်တာလို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းတာ ၁၁ ရက်မြောက်နေ့ရှိပြီဖြစ်ပြီး မြန်မာပြည်အနှံ့ စစ်အာဏာ သိမ်းဆန့်ကျင်မှုတွေကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေကြသလို နေပြည်တော်မှာလည်း သပိတ်စစ်ကြောင်းအသီးသီးနဲ့ ဆက်လက်ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြပါတယ်။











