
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အင်အားဖြည့်ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရွှေဘိုမြို အနောက်ဘက်၊ ရွှေဘို-ဆိပ်ခွန် ကားလမ်းဘေးမှာရှိတဲ့ မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းစခန်းကို အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီကားကြီး ၂ စီး ရောက်လာခဲ့တာပါ။
အဲဒီနောက် ညနေ ၃ နာရီလောက်မှာတော့ အိုးဖို၊ ကင်းဗျား၊ ချီပါ(တောင်)၊ ချီပါ(မြောက်) နဲ့ ကျည်ပွေ့ကုန်း စတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၅ ရွာက ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး ဗုံးသီးတွေဟာ အိုးဖိုရွာ ဘုန်းကြီးကျောင်းအပါအဝင် ကင်းဗျားနဲ့ ချီပါရွာဘက်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းကုန်းနဲ့ အိုးဖိုရွာကြားမှာ ရှိနေတာကြောင့် ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်းကြီး၊ နောင်ကြီးအိုင် လမ်းပိုင်းမှာ ကားရာနဲ့ချီ ပိတ်မိနေပြီး အရပ်သား ထိခိုက်ပျက်စီးတဲ့ အခြေအနေအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီအနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့မြို့တွေမှာ အခုနှစ်သင်္ကြန်ပွဲကို စည်ကားအောင်လုပ်ဖို့ ညွှန်ကြားထားပြီး ရွှေဘိုမြို့မှာ သင်္ကြန်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်တွေမှာ အင်အားရာနဲ့ချီ တိုးချထားသလို၊ အဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ မြို့ပတ်ပတ်လည်က ကျေးရွာတွေဘက်ကို အခုလို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။










