DVB Logo
Home
သတင်းတို
သံတွဲပဋိပက္ခ လူ ၆ ဦးကို ရဲက ဖမ်းဆီး
DVB
·
October 3, 2013
သံတွဲပဋိပက္ခ လူ ၆ ဦးကို ရဲက ဖမ်းဆီး
Donate to DVB

အုပ်စုလိုက် အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ အပါအ၀င် ၆ ဦးကို အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတယ်လို့ ပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“သံတွဲမှာ ပြဿနာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မနေ့ည ၁၀ နာရီ ၄၅ မိနစ်က သံတွဲမြို့နယ် ပါတီ ဥက္ကဋ္ဌ ကိုမောင်ပြူးဆိုတဲ့ ပုဂ္ဂိုလ်ကို ဖမ်းဆီးသွားပါတယ်။ ဖမ်းတဲ့အခါမှာ ဖမ်းတယ်လို့ မပြောဘဲနဲ့ ရဲနှစ်ယောက်လာခေါ်ပြီးတော့ မေးစရာရှိတယ်လို့ ပြောပြီး ခေါ်သွားတယ်။ အဲဒီ ပုဂ္ဂိုလ်ကို ခေါ်သွားပြီးနောက်ပိုင်းမှာ အမျိုးဘာသာ သာသနစောင့်ရှာက်ရေးအဖွဲ့က ၂ ယောက်ကို လည်း ခေါ်သွားတယ်။ နောက်ထပ် ၃ ယောက်ကိုလည်း ခေါ်သွားပြီးတော့ အခု သံတွဲမှာ အကုန်လုံး ဖမ်းဆီးခံထားရတဲ့ ပုဂ္ဂိုလ် ၆ ဦး ရှိပါတယ်ခင်ဗျ။”

ဒီဗွီဘီက ရရှိတဲ့ ဖမ်းဆီးခံရတဲ့ ၆ ဦးစာရင်းမှာ ဦးမောင်ပြူး၊ ဦးငယ်၊ ဦးဝင်းကိုလေး၊ ဦးသိန်းဇံ၊ ဦးသိန်းဝင်းနဲ့ ဦးကျော်ကျော်တို့ ဖြစ်ပါတယ်။

ဒီလို ပါတီရဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတဦး ဆောင်ရွက်ပုံဟာ နည်းလမ်း မကျဘဲ ၂၄ နာရီကျော်လို့မှ ပြန်လည်မလွှတ်ပေးဘူးဆိုရင် ပါတီက တစုံတရာ တုန့်ပြန် လှုပ်ရှားဖို့ရှိတယ်လို့ သူက ပြောပါတယ်။

သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က လူ ၂ ဦး အချင်းများရာကနေ အစ္စလာမ်ဘာသာဝင်တွေရဲ့အိမ်တွေကို ပစ်မှတ်ထားမီးရှို့မှုတွေ လုပ်ဆောင်ရာမှာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အိမ်ခြေပေါင်း ၇၀ ၀န်းကျင်နဲ့ ဗလီ ၂ လုံးမီးသင့်ခဲ့ပြီး လူ ၁ ထောင်ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့အချိန်ဟာ သံတွဲကနေ ၄ မိုင်ခန့်သာ ကွာဝေးတဲ့ ငပလီကမ်းခြေ အပန်းဖြေ စခန်းအတွက် ဒီခရီးသွားရာသီ ဟိုတယ်တွေ စဖွင့်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တာကြောင့် မတည်ငြိမ်တဲ့အခြေအနေမှာ နိုင်ငံတကာခရီးသည်တွေ လာရောက်မှု နည်းပါးဖွယ် ရှိနေပါတယ်။

မီးဘေးသင့်သူတွေ ကိုယ်နဲ့ နီးစပ်ရာအိမ်တွေမှာ နေထိုင်နေကြပြီး သူတို့ရဲ့ နေထိုင် စားသောက်ရေးနဲ့ ထောက်ပံ့မှု ထဲထဲဝင်ဝင်ဆောင်ရွက်တာ မရှိသေးဘူးလို့ နယ်မြေခံတွေက ပြောပြကြပါတယ်။
သံတွဲမြို့နယ်မှာ ကျောင်းတွေ ဖွင့်ပေမယ့် လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှု ထိရောက်မှု မရှိတဲ့အတွက် ကျောင်းတွေနဲ့ ဈေးတွေမှာ လူပါးရှားတယ်လို့ ဆိုပါတယ်။

အခုအခင်းဖြစ်တဲ့ ကျေးရွာအုပ်စုတွေဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ တခု အပါအ၀င်ဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာတွေမှာ ဖြစ်တာကြောင့် ကမန် တိုင်းရင်းသားတွေအရေးကို အစိုးရက ထိထိရောက်ရောက် အကူအညီပေးဆောင်ရွက်ဖို့ ကမန်တိုင်းရင်းသားများတိုးတက်ရေးပါတီက ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ကမန်ပါတီရဲ့ အတွင်းရေးမှူး ဦးတင်နိုင်ဝင်းက သံတွဲဖြစ်စဉ်အပေါ် ပါတီသဘောထားကို ခုလိုပြောပါတယ်။
“အဓိက တာဝန်ခံဖြေရှင်းပေးရမှာက အစိုးရမှာ တာဝန်ရှိတယ်ဗျ။ အစိုးရက ဦးဆောင်ဦးရွက် ပြုပြီးတော့ တာဝန်ယူ တာဝန်ခံမှု မရှိတဲ့အခါ အခုလို မလိုလားအပ်တဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး ဖြစ်လာတဲ့ ပြဿနာတွေအထိ ရောက်လာတယ်လို့ ယူဆပါတယ်။”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကတော့ အကြမ်းဖက် လုပ်ရပ်တွေကို အားမပေးကြောင်းနဲ့ ဒီအကြမ်းဖက်မီးရှို့မှုတွေ ဘာကြောင့် ဖြစ်သလဲဆိုတဲ့ ဇစ်မြစ်ကို သိရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဘင်္ဂါလီတွေက ကမန်တိုင်းရင်းသားအမည်ခံပြီး မှတ်ပုံတင်တွေ ရယူထားတဲ့ကိစ္စကို စိစစ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

“ကမန်ဆိုတဲ့ဟာက တကယ့်ကို ကမန်ရှိသလို အယောင်ဆောင်ကမန်လည်း ရှိပါတယ်။ ကမန်လူမျိုးတယောက် ဖြစ်ဖို့အတွက် ကမန်လူမျိုးနှစ်ယောက်က ထောက်ခံပေးရတာ ရှိပါတယ်။ အဲဒါက မဆလ လက်ထက်မှာ ပိုက်ဆံပေးပြီးတော့ ကမန်လို့ အမည်ခံချင်တဲ့သူတွေက ပိုက်ဆံပေးပြီး လုပ်သွားတဲ့လူတွေ အများကြီး ရှိပါတယ်။ ”

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကမန်တိုင်းရင်းသားဟာ အများအားဖြင့် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ ဒီပြည်နယ်တွင်းမှာ ရခိုင်၊ ကမန်နဲ့ ဘင်္ဂါလီတွေ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။

သံတွဲအခင်းဖြစ်ချိန်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ အချိန်ကိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေ အမြန်အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေုးယူရေးနဲ့ မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေကို ပြန်လည် တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်တွင်း မနှစ်ဇွန်လပိုင်းက စတင်ခဲ့တဲ့ လူပုဂ္ဂိုလ်ချင်းအစပြုတဲ့ ပြဿနာဟာ လူမျိုးရေးအသွင်နဲ့ ဘာသာရေးအသွင်ပြောင်းလဲခဲ့ပြီး တဘက်နဲ့ တဘက် အကြမ်းဖက်မီးရှို့ခဲ့လို့ လူတွေ သေကြေခဲ့သလို မီးဘေးဒုက္ခသည် ၁ သိန်းခွဲနီးပါး အိုးအိမ်မဲ့ခဲ့ပါတယ်။ အလားတူ ပုဂ္ဂိုလ်ရေးချင်းဖြစ်တဲ့ ပြဿနာငယ်တွေဟာ မိထ္ထီလာ၊ ပဲခူး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေကိုပါ ပျံ့နှံ့ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ နောက်ကွယ်က ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဥပဒေ အရ အရေးယူမယ်လို့ မနှစ်တုန်းက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013