Home
ဆောင်းပါး
နာလည်းနာ နံလည်းနံ
ရွှေအောင်
·
October 3, 2013
Policemen keep guard outside a stadium where soccer teams were playing in Yangon May 16, 2009.
လူဖြစ်ရတဲ့ကံ ကြီးတယ် အခုလို အကူးအပြောင်းကာလ လူဖြစ်ရတာ အတော်ကံကြီးတယ်လို့ အတွေးရောက်မိ တယ်။ ကြည့်လေဗျာ၊ မကြားဖူးတာတွေ ကြားရ မမြင်ဖူးတာတွေ မြင်တွေ့ရတယ်မို့လား။ ငယ်ငယ်ကတည်းက ကြားဖူးနေကျစကားက "ဟေ့ကောင်တွေ မင်းတို့အားလုံး လက်နက်ချ လိုက်ပါ။ မင်းတို့ကို ငါတို့ ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ" ဒါမျိုး။ အခု အကူးအပြောင်းကာလ ပြောင်းပြန် ကြားရတယ်ဗျာ။ "မင်းတို့ ရဲတွေကို ပြည်သူတွေ ၀ိုင်းထားပြီ လက်နက်ချပါ"တဲ့။ အသစ်ဗျာ၊ ကျနော့် တသက်တော့ ဒီတခါပဲ ကြားဖူးပါတယ်။
နေပြည်တော်မှာ ဖြစ်သည် ဖြစ်ပုံကတော့ နေပြည်တော်ဌာနေဆီက စပါတယ်။ နေပြည်တော်တိုင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာသား ၅ ဦးကို ဌာနေပြည်သူ့ရဲတွေက စက်တင်ဘာ ၁၈ ရက်ည ၁ နာရီခွဲလောက် ၀င်ဖမ်းပါသတဲ့။ အဖမ်းခံရတဲ့ထဲပါတဲ့ ကိုဇော်လတ်ရဲ့ ပြောပြချက်အရ သူ့အိမ်ကို ဧည့်စာရင်း စစ်တဲ့ပုံစံနဲ့ ရဲအယောက် ၃၀ လောက် ၀င်လာကြတယ်။ သူ့လည်ပင်းကိုနင်းပြီး လက်ထိပ် ခတ်တယ်။ သူ့မိန်းမကိုလည်း အကြမ်းဖက်တယ်။ ၅ နှစ်အရွယ် သူ့သမီးကိုလည်း ပါးတွေ၊ နားတွေ ရိုက်တယ်။ ဒါနဲ့ သူ့မိန်းမက ဓားပြဓားပြ အနုကြမ်းစီးနေပါတယ်လို့ အော်တယ်။ ရွာသားတွေ ၀ိုင်းလာကြပြီး ရဲတွေကို ဖမ်းတယ်။ ရွာကိုလာဝိုင်းတာ ရဲအယောက် ၈၀လောက်ရှိပြီး၊ အဲ့ဒီထဲက ရဲ ၂၇ ယောက်ကို ရွာသားတွေက ဖမ်းဆီးချုပ်နှောင်ထားလိုက်တယ်။ မိုးလင်းတော့ ရဲတွေ ရာနဲ့ချီရောက်လာပြီး ရွာကိုဝိုင်းတယ်။ ဖမ်းထားတဲ့ ရဲတွေ လွှတ်မပေးရင် သေနတ်နဲ့ ပစ်မယ်ပြောလို့ လွှတ်ပေးလိုက်တယ်။ ဒါ ကိုဇော်လတ် အပြော။ ရဲနဲ့ ရွာသားတွေ အဲ့ဒီလို ပဋိပက္ခဖြစ်ပြီး နောက်တနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က အဲ့ဒီဖြစ်စဉ်အကြောင်းမေးတော့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောတယ်။ ၀ဲကြီးရွာက လယ်သမားတွေဟာ စက်တင်ဘာလ ၁၂ နဲ့ ၁၃ ရက်တွေက အစိုးရသတင်းစာတိုက်၊ ပုံနှိပ်တိုက်ဆောက်ဖို့ လုပ်ထားတဲ့ လယ်မြေတွေထဲဝင်ပြီး ထွန်တုံးတိုက်ပွဲ ၀င်ကြတယ်။ အဲ့ဒီလယ်မြေတွေက ၁၉၉၅ - ၉၆ မတိုင်ခင်က ကြံစိုက်တဲ့မြေတွေ၊ ၁၉၉၆ ခုနှစ်နောက်ပိုင်းကျတော့ သစ်တောဦးစီးဌာနပိုင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး စီမံကိန်းပိုင် စိုက်ခင်းတွေ ဖြစ်သွားပြီး ယူကလစ်ပင်တွေ စိုက်ထားတယ်။ အခု နေပြည်တော်ဖြစ်လာတော့ အဲ့ဒီ နေရာကို နေပြည်တော်သတင်းစာတိုက်တွေအတွက် ပုံနှိပ်စက်တွေ ဆောက်ဖို့ လျာထား တယ်။ မြေယာဥပဒေအရ တောင်သူတွေကို လျော်ကြေးပေးတယ်၊လျော်ကြေးလာထုတ်တဲ့သူက ထုတ်တယ်၊ မထုတ်တဲ့သူက မထုတ်ဘူး၊ ၁၂ ရက်နဲ့ ၁၃ ရက်မှာတော့ ရွာသားတချို့ဟာ အဲ့ဒီမြေထဲဝင်လာပြီး စိုက်ထားတဲ့အပင်တွေကို ၀င်ခုတ်တယ်။ ဆိုင်ရာက ၀င်တားတာလည်း မရဘူး။ ဒါနဲ့ ဆိုင်ရာရဲစခန်းမှာ အမှု ဖွင့်တယ်။ စက်တင်ဘာ ၁၈ ရက်ညမှာ ရဲက ၀င်ဖမ်းရာက ပဋိပက္ခဖြစ်တယ်။ ရဲကိုတောင် ဒီလိုလုပ်တယ်ဆိုတော့ တရားဥပဒေစိုးမိုးရေးကို အများကြီး ထိခိုက်တယ်။ ဦးရဲထွဋ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ အဖြစ်ဆိုးပါသည် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီးခြားစုံစမ်းလို့ရသလောက် ရဲ ၅ ယောက် ဆေးရုံတင်ထား ရပါတယ်။ ၄ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ကျော်မကောင်း ကြားမကောင်း တရားဥပဒေစိုးမိုးရေးတာဝန်ရှိတဲ့ ရဲတွေ ဘာလို့ ဒီလောက် အဖြစ်ဆိုးနဲ့ ကြုံကြရတာလဲ။ ဒီလောက်မဆိုးပေမယ့် အလားတူဖြစ်စဉ်မျိုး ဧရာဝတီတိုင်း၊ မအူပင်မှာလည်း ဖြစ်ခဲ့ပြီးပြီ။ နေပြည်တော်ရဲဆိုပြီး ရန်ကုန်မှာဖွဲ့ခဲ့တဲ့ ၁၉၇၀ ကျော်ကာလတွေက စာရေးဆရာမင်းကျော်ရေးခဲ့တဲ့ စာတပုဒ် အမှတ်ရလိုက်မိပါတယ်။ နေပြည်တော်ရဲတွေ ဘာလုပ်နေကြလဲ... မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုံးစံမပျက် ရေငုံနုတ်ပိတ် နေပါတယ်။ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲ မကြာခဏမေးခွန်းထုတ်လေ့ရှိတဲ့ တာမွေ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေကတော့ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်း တွေအတိုင်း လုပ်ဖို့လိုတယ်။ မမျှော်လင့်ဘဲ ပြည်သူနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ပြည်သူတွေ ငြိုငြင်တာခံရတယ်။ ပြည်သူတွေအနေနဲ့က တည်ဆဲဥပဒေကို လေ့လာပြီး လိုက်နာဖို့ လိုသလို ရဲတပ်ဖွဲ့ကလည်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့လိုတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်တဲ့ အခါကျတော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပြီး နိုင်ငံအတွင်းမှာ ဆူပူမှုတွေ ဖြစ်ပေါ်လာ နိုင်တယ်လို့ မှတ်ချက်ပေး ပြောပါတယ်။ ညကြီးမင်းကြီး ထပြီးဖမ်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ညကြီးအချိန်မတော် ဘာလို့ ၀င်ဖမ်း၊ ၀င်ဖြိုခွဲ လုပ်နေကြတာ တုန်း၊ ငွေစက္ကူအတုပြုလုပ်နေတဲ့ဂိုဏ်းလို၊ မူးယစ်ဆေးဝါးတွေ အကြီးအကျယ်ထုတ်လုပ်နေတဲ့ ဂိုဏ်းတွေလို လူအုပ်စုနဲ့ ဒုစရိုက်မှုတွေ အကြီးအကျယ်လုပ်နေတဲ့ အုပ်စုတွေကို ဖြိုခွဲသလို ဘာလို့ ဒီလောက် အင်အားသုံး ဖြိုခွင်းနေတာလဲ။ အင်အားသုံး နှိမ်နင်းရလောက်အောင် ကြီးကျယ်တဲ့ ပြစ်မှုတွေ ကျုးလွန်ထားကြလို့လား။ သာမန်ပြစ်မှုလောက်က သမ္ဗာန်စာထုတ် ခေါ်လို့ရတယ်။ ၀ရမ်းထုတ်ခေါ်လို့ ရတယ်။ မလာရင် သွားဖမ်းလို့ရတယ်။ ဒီလို အချိန်မတော်ကြီး သွားဖမ်းစရာ မလိုပါဘူး။ ဒါက ဥပဒေပညာရှင် ဦးကိုနီ မေးခွန်းထုတ်တာပါ။ စက်တင်ဘာ ၁၈ ရက်ည သန်းခေါင်ကျော် ပဋိပက္ခဖြစ်ပြီး ၂ ရက်အကြာမှာ ရဲတပ်ဖွဲ့က ၀ဲကြီးရွာသား ၁၀ ယောက်လောက်ကို အမှု ၃ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ ရွာသားတွေကလည်း ပိုင်နက်ကျုးကျော်မှုနဲ့ ရဲကို ပြန်အမှုဖွင့်မယ်လို့ ဆိုပါတယ်။ ရဲနဲ့ ပြည်သူ ကြည်ဖြူနေကြတာပေါ့ ခင်ဗျာ။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံလင်းကတော့ ဒီဖြစ်စဉ်ကို အသေးစိတ်စုံစမ်းပြီး လွှတ်တော်တင်မယ်လို့ ပြောပါတယ်။ ပြည်သူလူထုနဲ့ တွေ့တိုင်း စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ မလုပ်ဘဲ ဒီလိုမျိုး အဓမ္မလုပ်နေရင်တော့ ဒီထက်ဆိုးတဲ့ တုံ့ပြန်မှုတွေ ရလာနိုင်တယ်လို့လည်း ပြောပါတယ်။ နေပြည်တော် ၀ဲကြီးရွာဆိုတာက အရင် တပ်ကုန်းမြို့နယ်အပိုင် ရွာတရွာ ဖြစ်ပါတယ်။ အိမ်ခြေ ၄၀၀ လောက်ရှိပြီး လူဦးရေ ၁၆၀၀ လောက်ရှိတယ်။ လယ်အလုပ်ပဲ လုပ်ကြတာ များတယ်လို့ စုံစမ်းသိရှိရပါတယ်။ ကျည်တောင်ကန်စခန်းအပိုင်ဖြစ်ပေမယ့် အဲ့ဒီညက သူ့အိမ်ထဲ အကြမ်းဖက် ၀င်ဖမ်းတဲ့ရဲတွေထဲ ကျည်တောင်ကန်စခန်းက တယောက်မှ မပါဘူး။ ကျည်တောင်ကန်စခန်းကရဲတွေ သူအကုန်သိတယ်လို့ ကိုဇော်လတ်က ပြောပါတယ်။ ညကြီးမင်းကြီးထပြီး ဖြိုခွင်းတဲ့ကိစ္စ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ခဲ့တာ လက်ပန်းတောင်း အရေးကတည်းကပါ။ အဲဒီကတည်းက ဝေဖန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အခုလည်း ထပ်လုပ် ပြန်ပါတယ်။ ရဲတပ်ဖွဲ့ ဘာတွေလုပ်ဖို့ လိုနေပြီလဲ။ လက်ပန်းတောင်းအရေးထဲက သင်ခန်းစာယူပြီး ပြင်သင့်တာတွေ ပြင်ဖို့လိုပြီ၊ နိုင်ငံသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ရဲတပ်ဖွဲ့ လုပ်ပုံ၊ ကိုင်နေပုံနဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လား။ သုံးသပ်ဖို့ ကောင်းပြီ။ တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့မှာ ပိုမိုကျယ်ပြန့်တဲ့ နည်းလမ်းပေါင်းများစွာနဲ့ စီမံချက်ချထားတဲ့  မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ ရှိသင့်ပြီလို့ စာနယ်ဇင်းဆရာ ဦးဇော်သက်ထွေးက ဆိုပါတယ်။ သားကောင်ဖြစ်သွားသော မုဆိုး အင်တာနက်လူမှုရေး စာမျက်နှာတွေပေါ်လည်း နေပြည်တော်ရဲတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ ပလူပျံအောင် ထွက်ပေါ်လာခဲ့ပါတယ်။ တဦးရေးထားတာ ဖတ်ကြည့်ပါဦး။ “နေပူတော် ပုဗ္ဗသီရိ မှာသားကောင်ဖြစ်သွားသော မုဆိုး (သို့) ဒမြဖြစ်သွားသောရဲ။” “ဟေ့… ရဲတွေ လက်နက်ချ ခင်ဗျားတို့ကို ပြည်သူတွေ ၀ိုင်းထားပြီတဲ့…..။” “ဦးသိန်းစိန်ကိုလည်း ပြောရမယ်၊ ရဲရုပ်နဲ့ တူတဲ့ရဲလည်း ထားပါလို့” “အခုဟာက ဒမြနဲ့ ရဲ သိပ်မကွဲတော့လို့နဲ့တူတယ်။” “ဟိတ်… တယောက်မှ မလှုပ်နဲ့၊ မင်းတို့ကို ပြည်သူ 'ရဲ'တွေ ဝိုင်းထားပြီ” “ဟေ့ 'ရဲ' တယောက်မှ မလှုပ်နဲ့၊ မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ” “ကောင်းရော… ရဲဆိုတာ လူဆိုးဖမ်းရမှာ လူဆိုးမဟုတ်တဲ့ လယ်သမားသွားဖမ်းသကိုး။” “အဲဒီလယ်သမားက နိုင်ငံတော်က သိမ်းထားတဲ့မြေပေါ်ကျူးကျော်ထွန်ယက်လို့ဖမ်းတာ။” “အလို… အဲဒီမြေက သူတို့ ဓားမဦးချ လုပ်လာတဲ့မြေတွေလေ နိုင်ငံတော်က ဘာလို့ သိမ်းတာလဲ။” နောက်ဆုံးအဖြေကတော့ ကျုပ်တို့လည်း အထက်က တာဝန်ပေးလို့ လုပ်ရတာဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ လက်ပန်းတောင်းတောင်မှာ သံဃာတော်တွေကို မီးခိုးဗုံးလေးနဲ့ ပစ်လိုက်တာလည်း အထက်က ခိုင်းလို့တဲ့။ တပြည်လုံးက ဆူပူသတ်ဖြတ်မီးရှို့မှုတွေကို မတ်တပ်ရပ်ကြည့်နေရတာ လည်း  အထက်ကခိုင်းလို့၊ အထက်ကခိုင်းလို့ … အထက်ကခိုင်းလို့၊ အဲဒီ အထက်ဆိုတဲ့ဟာကြီးတွေ မတော်တရော်တွေ မခိုင်းနိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရအောင်လုပ်ကြတော့လည်း ပြင်မယ့်သူတွေကို အထက်က ခိုင်းလို့ဆိုပြီး တွယ်ထည့်လိုက်မှာပဲ မဟုတ်လား။ ကိုယ့်ဖိနပ်က ဘယ်ပေါ်နင်းထားမိလဲဆိုတာ ကိုယ်ကိုယ်တိုင်လည်း ငုံ့မကြည့်၊ သူများ ပြောတော့လည်း လက်မခံဆိုရင်တော့ ဟိတ်… ရဲတယောက်မှ မလှုပ်နဲ့ မင်းတို့ကို ပြည်သူတွေ ဝိုင်းထားပြီဆိုတဲ့ အသံနက်ကြီးတွေ အမြဲကြားနေရတော့မှာပဲ။ ဒီစာတပုဒ်လုံးဖတ်ကြည့်ရင် ရဲတွေကိုချည်း ဖိပြောသွားတာ တွေ့ရများပါလိမ့်မယ်။ တဘက်စောင်းနင်း ပြောနေသလို ဖြစ်နေတာ တွေ့ရပါမယ်။ စိတ်မကောင်းပါဘူး၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ရာတာဝန်ရှိသူတွေက မီဒီယာကို မပြောကြပါဘူး။ အဖြစ်မှန်လည်း ဒီစာရေးနေ တဲ့ စက်တင်ဘာ ၂၁ ရက်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒီတော့ မတတ်နိုင်ပါဘူး။ ရဲတွေခမျာ နာလည်းနာ နံလည်းနံ ဖြစ်ရတာပါပဲ။   ပြည်သူ့ခေတ်ဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြသည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024