DVB Logo
Home
မြန်မာသတင်း
ဘာသာရေးခေါင်းဆောင်များ အခင်းဖြစ်နေရာအထိ သွားရောက်ဟောပြောရန်လို
DVB
·
October 3, 2013
ဘာသာရေးခေါင်းဆောင်များ အခင်းဖြစ်နေရာအထိ သွားရောက်ဟောပြောရန်လို
1 / 2
Donate to DVB

ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေးတွေ ရရှိလာဖို့ ဘာသာရေးခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာဒေသတွေအထိ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ပေးရန်ဖို့ လိုတယ်လို့ သီတဂူဆရာတော်က မိန့်ပါတယ်။

ရန်ကုန်မြို့သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဘာသာပေါင်စုံနှီးနှောဖလှယ်ပွဲမှာ သီတဂူ ဆရာတော် ဒေါက်တာအရှင်ညာဏိဿရကို ဒီဗွီဘီက မေးမြန်းလျှောက်ထားရာမှာ မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။

မတူတာတွေ ထည့်မစဉ်းစားပဲ တူတာတွေအပေါ်မှာ လက်တွဲဆောင်ရွက်ကြရင် ကမ္ဘာကြီးတခုလုံး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတွေရမှာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

“တကယ်ပြဿနာဖြစ်တဲ့ နေရာကို ၀င်ရောက်ဟောပြော စည်းရုံးနိုင်မယ်ဆိုရင် စည်းရုံးခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းမှုကို ရာနှုန်းပြည့်တော့ မမျှော်လင့်ဘူး။ တော်တော်များများတော့ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အခင်းဖြစ်ရာဒေသတွေအထိ ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ပေးဖို့ လိုတယ်လို့လည်း မိန့်ပါတယ်။
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက မြန်မာပြည်ဟာ နိုင်ငံရေးပထ၀ီ အနေအထားအရ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပြီး လူသားတဦးချင်းရဲ့လုံခြုံရေးတွေ လိုအပ်
တယ်လို့ အခုလို ပြောပါတယ်။

“စစ်အစိုးရလက်ထက် အားလုံးဟာ အမျိုးသားလုံခြုံရေးကိုပဲ ဦးစားပေးပြီး ပြောလေ့ ရှိပါတယ်။ ကျနော်တို့က လူသားတဦးချင်းနဲ့ ပတ်သက်တဲ့ လုံခြုံမှုကို အာရုံစိုက်ပြီး ပြောဆိုဖို့ လိုပါတယ်။ နှစ်ခုလုံးဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ နေရာမှာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ပထ၀ီနိုင်ငံရေးအရ ဩဇာသက်ရောက်မှုတွေဟာ တနည်းမဟုတ် တနည်းနဲ့ ကျနော်တို့ အပေါ်မှာ ရှိနေပါတယ်။ လူ့အဖွဲ့အစည်းကြားမှာ ဖြစ်တဲ့ ပ​ဋိ​ပက္ခ​ တွေရော ဆင်းရဲနွမ်းပါးမှု ကိစ္စတွေ ပညာရေးကျန်းမာရေး ကိစ္စတွေ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကအစ အဲဒါတွေဟာ ပိုပြီး ဆိုးရွားသထက် ဆိုးရွားလာတယ်။ ဒီထက်ဆိုးတာက လူမှုစီးပွားရေးကွာဟမှု ကြီးမားလာတဲ့ကိစ္စပါပဲ။ ”

ပဋိပက္ခ လှုံ့ဆော်သူတွေက အဖြစ်အပျက်အမှားတွေပေါ်မှာ အခြေခံပြီး လုပ်ခဲ့ကြတာ ဖြစ်တဲ့အတွက် အပြန်အလှန်တယောက်နဲ့ တယောက်နားလည်မှုတွေ ရှိထားဖို့လိုကြောင်း မန္တလေးမြို့အစ္စလာမ်ဘာသာဝင်တွေရဲ့ကိုယ်စား တက်ရောက်လာတဲ့ ဦးအောင်ဇင်ဝိုင်းက အခုလို ပြောပါတယ်။

“ဖြစ်သမျှ ပြဿနာအကုန်လုံးက မသိနားမလည်တာကို အခြေခံတယ်။ မသိနားမလည်ရင် ကောလဟာလ လည်း ယုံလွယ်တယ်။ အလွယ်တကူ သတင်းမှားကိုလည်း ယုံလွယ်တယ်။ သေသေချာချာ သိနားလည်တဲ့သူတွေကို သတင်းမှားသော်လည်းကောင်း မမှားသော် လည်းကောင်း လှုံ့ဆောင်လို့မရဘူး။ အခုလှုံ့ဆောင်မှုတွေ အကုန်လုံးက အချက်အလက် အမှား အပေါ်မှာပဲ လှုံ့ဆော်နေကြတာပါ။ များများသိအောင်လုပ်နိုင်ရင် များများအကျိုးရှိမယ်။ အပြန်အလှန် တယောက်နဲ့တယောက်သိသွားပြီး တယောက်နဲ့တယောက်မကောင်းကြံနေတာ မရှိဘူးလို့ နားလည်သွားကြရင် ကျနော်တို့ကြားထဲမှာ ပဋိပက္ခတွေ လျော့နည်းသွားမှာပါ။”

ဒီပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က Institute of GlobalEngagement (အိုင်ဂျီအီး) နဲ့ သီတဂူကမ္ဘာ့တက္ကသိုလ် (ရန်ကုန်) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး ဘာသာကြီး ၅ ခုက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သ၀ဏ်လွှာအသီးသီး ပေးပို့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013