DVB Logo
Home
မြန်မာသတင်း
သံတွဲပဋိပက္ခ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုကြောင့်ဖြစ်ပွား၊ ၅ ဦးသေဆုံး
DVB
·
October 2, 2013
သံတွဲပဋိပက္ခ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုကြောင့်ဖြစ်ပွား၊ ၅ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်း အကြမ်းဖက်မီးရှို့မှုကြာင့် လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သလို ရွာခြောက်ရွာမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က စကားများ ရန်ဖြစ်ရာကနေ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ကူးပြောင်းပြီး လူအုပ်စုကြီးက မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြပါတယ်။

သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းကို မေးမြန်းတဲ့အခါ အကြမ်းဖက်မီးရှို့မှုတွေဟာ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ဒီဖြစ်စဉ်အတွင်း သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ  ၄ ဦး ရှိကြောင်းနဲ့ ကျေးရွာအုပ်စု ၃ စုအတွင်းရှိ ကျေးရွာ ၆ ရွာမှာ မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သဗြုချိုင်ကျေးရွာ မီးရှို့မှုမှာ  ကမန်မွတ်စလင်တွေရဲ့အိမ်ခြေ ၄၀ ကျော်နဲ့ ဗုဒ္ဓဘာသာဝင်အိမ်တွေကလည်း လောင်ကျွမ်းခဲ့တယ်လို့ မီးရှို့ခံရတဲ့ ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကမန်အမျိုးသားတိုးတက်ရေးပါတီက  သံတွဲဖြစ်စဉ်ဟာ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ဘက်လိုက်မှုတွေကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းရေး ပျက်ပြားနေတာ တွေ့ရတယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ခံရတဲ့ကျေးရွာတွေဟာ ကမန်တိုင်းရင်းသားအများစု နေထိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပျက်စီးဆုံးရှုံးမှုတွေအပေါ် နိုင်ငံတော်က ပြန်လည်ထူထောင်ရပ်တည်ပေးဖို့ သမ္မတထံပေးပို့တဲ့ သဘောထား ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူးကို မေးမြန်းရာမှာ ရွေလှေအုပ်စုပေါက်တောကျေးရွာမှာ မွတ်စလင်ဘာသာဝင်တွေအတွက် ကယ်ဆယ်ရေးစခန်းတခု ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထိတော့ လှုံ့ဆော်သူတွေကိုရော မီးရှို့သူတွေကိုပါ ဖမ်းဆီးမှုတစုံတရာရှိတယ်လို့တော့ မကြားသိရသေးပါဘူး။

သံတွဲမြို့ မီးရှို့ဖျက်ဆီးမှုဖြစ်ချိန်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို ရောက်ရှိနေခိုက်ချိန်မှာ အချိန်ကိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သမ္မတက ဒီ အကြမ်းဖက် မီးရှို့မှုတွေ ဆက်လက်မဖြစ်ပွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ညက ရခိုင်ပြည်နယ်က ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့ချုပ် ပြောခွင့်ရ ဦးကျော်ခင်က အစိုးရအနေနဲ့ အကြမ်းဖက်မီးရှို့သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က သုံးဘီးဆိုင်ကယ် ဆိုင်ရှေ့ရပ်တာကို အကြောင်းပြုပြီး စကားများရာကနေ ပုဂ္ဂိုလ်ရေးအချင်းများမှုဟာ လူနေအိမ်ခြေတွေကို မီးတင်ရှို့တဲ့အထိ အခြေအနေ ဆိုးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း သံတွဲမြို့မှာ မွတ်ဆလင်ဆန်ကျင်ရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း  ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သံတွဲမြို့က အကြမ်းဖက်မီးရှို့ဖျက်ဆီးမှု သတင်းတွေကို ကြားသိရတဲ့အတွက် ၀မ်းနည်းရပြီး အကြမ်းဖက်မှုလုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေသတခွင်လုံးမှာ နေထိုင်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးကူညီဖို့ အစိုးရက လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013