DVB Logo
Home
အာရှဒေသ
အဝေးရောက် မလေးရှား ကွန်မြူနစ် ပြောက်ကျား ကွယ်လွန်
DVB
·
October 2, 2013
အဝေးရောက် မလေးရှား ကွန်မြူနစ် ပြောက်ကျား ကွယ်လွန်
Donate to DVB

မလေးရှား လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမားနဲ့ ပြင်းထန်တဲ့ ကွန်မြူနစ် ချင်ပင်း ဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

လွတ်လပ်ရေးရပြီး မလေးရှားက နှစ် ၅၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပနေခဲ့တဲ့ အချိန်မှာ ထိုင်းနိုင်ငံနယ်စပ်က ရွာကလေးတရွာမှာ ချင်ပင်းရဲ့ မိသားစုကတော့ ပူဆွေးကြေကွဲနေခဲ့ကြရပါတယ်။

ဒါပေမယ့် မလေးရှားမှာတော့ သူနဲ့ပတ်သက်တဲ့ ခံစားမှုတွေက နက်နက်ရှိုင်းရှိုင်းကို ကွဲပြားနေကြတယ်လို့ ထိုင်းနိုင်ငံက အငြိမ်းစား ဗိုလ်ချုပ်ကြီး အခါနစ် မူအန်စ၀ပ် က ပြောပါတယ်။

“ချင်ပင်းကို မကြိုက်ကြတဲ့သူတွေက ချင်ပင်းရဲ့လှုပ်ရှားမှုကြောင့် ဒုက္ခ ခံစားခဲ့ရသူတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကတော့ ချင်ပင်းကို ခေါင်းဆောင်တယောက် သူရဲကောင်း တယောက်အဖြစ် လေးစားကြပါတယ်။”

လူငယ်ဘ၀မှာ ချင်ပင်းဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တွေကို ဗြိတိသျှနဲ့တွဲပြီး ဆန့်ကျင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ဗြိတိသျှအင်ပိုင်ယာကြီးက ဂုဏ်ပြု အပ်နှင်း ခဲ့တဲ့ OBE (Order of British Empire) ဘွဲ့ကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် သူက ၁၉၄၈ ခုနှစ်ကစပြီး လွတ်လပ်တဲ့ ကွန်မြူနစ်နိုင်ငံ တည်ထောင်ရေးအတွက် တော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။ ပုန်ကန်ထကြွမှုလို့သိကြတဲ့ အရေးပေါ်ကာလမှာ လူ ၁ သောင်းလာက် အသတ်ခံခဲ့ ရပါတယ်။ အဲဒါဟာ နှစ်ဘက်စလုံးက ရက်စက်ကြမ်းတမ်းခဲ့ကြတယ်လို့ စွပ်စွဲပြောဆို ခံခဲ့ရတဲ့ တောတွင်းစစ်ပွဲ တခုဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ကြပြီး ချင်ပင်းကတော့ သူ့ဘ၀ ရဲ့ ကျန်နေတဲ့ အချိန်တွေကို နိုင်ငံရပ်ခြားမှာပဲ နေထိုင်သွားခဲ့ပါတယ်။

သူ့ရဲ့ဈာပကို ဘန်ကောက်မှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီမှာ သူ့မိသားစု၊ သူ့မိတ်ဆွေတွေနဲ့ ရဲဘော်ရဲဘက်တွေ သူ့ကို လာရောက် အရိုအသေ ပေးခဲ့ကြပါတယ်။

သူ့ရဲ့ ရဲဘော်ရဲဘက် တဦး ဖြစ်ပြီး အမိနိုင်ငံကို ပြန်ခွင့် ပိတ်ပင်ခံထားခဲ့ရတဲ့ လောင်ချိုင်းက “အာဏာပိုင်တွေက ကျနော့်ကို နှစ်အတော်ကြာ လိုက်ရှာခဲ့ကြပြီး ၁၉၅၄ ခုနှစ် မှာ ကျနော့်ကို တရားဝင်အလိုရှိသူ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒေသတခုလုံး ကျနော့်ကို အလိုရှိတယ် ဆိုတဲ့ ပိုစတာတွေချည်းပါပဲဗျာ။ ဒီတော့ ကျနော်လည်း ဒေသကထွက် တောတောင်တွေထဲ ၀င်ခဲ့ရတော့တာပေါ့ဗျာ။

“ကျနော့်အမေ ဆုံးပြီးနောက်ပိုင်း ကျနော် မလေးရှားကို မပြန်နိုင်တော့ပါဘူး။ တကယ်လို့ ကျနော်ပြန်ချင်တယ်ဆိုရင် လက်နက်ချရမှာဗျ။ ၀န်ခံဖြောင့်ချက် ရေးရမှာလေ။ သူတို့က ကျနော့်မိသားစုဆီကို အလည်သွားဖို့တောင် ကျနော်တို့ကို ခွင့်မပြုခဲ့ကြဘူးဗျ။ ကျနော်က လက်နက် မချသလို ပြန်လည်း မပြန်ပါဘူး။ ကျနော်က ကျနော့်ဘ၀တခုလုံးကို တော်လှန်ရေး အတွက် မြှုပ်နှံထားခဲ့တာပဲဗျာ။”

ချင်ပင်း သေဆုံးသွားခဲ့တာတောင်မှ သူ့ကို ပြန်ဝင်ခွင့် မပေးခဲ့ပါဘူး။ မလေးရှားဝန်ကြီးချုပ် နာဂျစ် အဗ္ဗဒူလ် ရာဇတ်က အခုလိုပြောပါတယ်။

“ခင်ဗျားတို့ ကွန်မြူနစ်တွေရဲ့သားကောင် ဖြစ်ခဲ့ရသူတွေကို မေ့လို့ ဘယ်ဖြစ်မလဲဗျာ။ ဖြစ်ခဲ့ရတာတွေ၊ လူတွေ ဘယ်လောက်သေခဲ့ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့က သိပ်ကို စိတ်လှုပ်ရှားကြတယ်လေ။ နောက် လူတွေအများကြီး ဒဏ်ရာရခဲ့ကြသလို အသက်မွေးမှု ဘ၀တွေလည်း ဆုံးရှုံးခဲ့ကြရတယ်ဗျာ။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို မလေးရှားမှာ မြှုပ်နှံဖို့ ပြန်ယူလာမယ့်ကိစ္စကို လူတွေက အကြီးအကျယ် စိတ်လှုပ်ရှားကြတာပေါ့ဗျာ။”

ဒါပေမယ့် အဲဒါက လူတိုင်းရဲ့ အယူအဆတော့ မဟုတ်ပါဘူး။ အတိုက်အခံ လွှတ်တော် အမတ်တွေ အတော်များများနဲ့ အာဏာရညွန့်ပေါင်းအစိုးရထဲက လူတချို့ကတော့ သူ့ရဲ့ ကြွင်းကျန်ခဲ့တဲ့ ရုပ်ကလာပ်ကို မလေးရှားနိုင်ငံ ပြန်ယူလာတာကို ခွင့်ပြုသင့်တယ်လို့ ယုံကြည်ကြပါတယ်။

သူ့ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အတိုက်အခံလွှတ်တော်အမတ် ထျန်းချူက “တိုင်းပြည်မှာ သူ့ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ တန်ဖိုးဖြတ်ကြတာက သူရဲ့ အတွေးအခေါ် ပေါ်မှာ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဒါမှမဟုတ် သူ့ရဲ့  တော်လှန်ရေးပုံသဏ္ဌာန်အပေါ် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူဟာ မလေးရှားသမိုင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ အသိအမှတ်ပြုရမှာပဲဗျ။ သူနဲ့ သူ့မျိုးဆက်ဟာ အရှေ့တောင်အာရှ ရဲ့ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ ကျနော်တို့ ဖြစ်နေတာတွေကို ပုံသွင်းခဲ့ကြတာပါ။ သူတို့က အရှေ့တောင်အာရှရဲ့မြေပုံကို ပုံဖော်ခဲ့ကြတာပါပဲ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက အငြိမ်းစားဗိုလ်ချုပ်ကြီး တယောက်ဖြစ်တဲ့ အခါနစ်ဟာ နယ်စပ်တလျှောက် က ကွန်မြူနစ်ပါတီကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့သူ ဖြစ်ပြီး သူက ချင်ပင်းကို ခွင့်လွှတ်တဲ့သူ အနည်းအကျဉ်းထဲက တယောက် ဖြစ်ပါတယ်။

“ကျနော်က ကွန်မြူနစ်တွေကို ဆန့်ကျင် တိုက်ခိုက်ခဲ့ပါတယ်။ တနှစ်မှာတော့ ကျနော့်ရဲ့ လက်အောက်က စစ်သား ၅၀ လောက် ဆုံးရှုံးခဲ့ပါတယ်။ ၃၀ ကျဆုံးပြီး ၂၀ က ဒဏ်ရာရ ခဲ့တယ်လေ။ ဒါပေမယ့် ကျနော် သူ့ကို ခွင့်လွှတ်နိုင်ပါတယ်။”

ဒါပေမယ့် ခွင့်လွှတ်သည်ဖြစ်စေ၊ ခွင့်မလွှတ်သည်ဖြစ်စေ ဆုံးဖြတ်ချက်က ချပြီးဖြစ်တယ်လို့ ထင်ရပါတယ်။
ချင်ပင်းရဲ့ ကြွင်းကျန်ခဲ့တဲ့ ရုပ်ကလာပ်ကို ဘာကြောင့် ပြန်သယ်ယူခွင့် မပြုသလဲ ဆိုတာနဲ့ပတ်သက်ပြီး မကြာခင်က လွှတ်တော် ပြန်စတဲ့အချိန်မှာ မလေးရှား ပြည်ထဲရေးဝန်ကြီး ဇာဟစ် ဟာမီဒီ က သူ့ရဲ့ အကြောင်းပြချက်ကို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ အများကြီး ခိုင်မာပါတယ်။ ၀န်ကြီးချုပ် ပြောခဲ့သလိုပါပဲ။ သူ့ရဲ့အရိုးပြာကို ပြန်သယ်ယူလို့ မရပါဘူး။ အရိုးပြာကတော့ ဒီလောက်ကြီး မဟုတ်ပေမယ့် တချို့အုပ်စုတွေက အထိမ်းအမှတ်တွေ ဒါမှမဟုတ် တချို့ တခြား အသိအမှတ်ပြုမှုမျိုးတွေ လုပ်လာကြလိမ့်မယ်လေ။”

အဲဒါဟာ လောင်ချီပင်း အပါအ၀င်  အခု ပျက်သွားပြီဖြစ်တဲ့ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေက တရားမျှတမှု မရှိဘူးလို့ ယူဆကြတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ပါတယ်။

လောင်ချီပင်းက “မလေးရှားအစိုးရက သူတို့စကားကို သူတို့ မလေးစားကြဘူးလို့ ကျနော် ထင်တယ်ဗျ။ သူတို့ဟာ ငြိမ်းချမ်းရေးစာချုပ်မှာ ကတိပေးထားတဲ့ အတိတ်ကို ဖယ်ရှား မပစ်ခဲ့ကြဘူးလေ။ သူတို့ စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့ကြတယ်။ ဒါပေမယ့် သူတို့က စာချုပ်ကို ချိုးဖောက်ခဲ့ကြတယ်ဗျ။ ကျနော်တို့က မချိုးဖောက်ပါဘူး။ အဲဒါကို လေးစားတန်ဖိုးထားပါတယ်။”

ဒါပေမယ့် မိသားစုအဖို့တော့ အခုအချိန်မှာ လေးစားနေရတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်နေပါတယ်။ ချင်ပင်းရဲ့ တူ တော်စပ်သူက သူဟာ မိခင်နိုင်ငံကို ဒီထက် ဂုဏ်သိက္ခာရှိရှိ ထိုက်ထိုက်တန်တန် ပြန်ရမယ့်သူဖြစ်လို့ သတင်းတွေမှာ ဖော်ပြပြောဆိုနေတာတွေလို မဟုတ်ဘဲ သူတို့က သူ့ရဲ့ အရိုးပြာကို နိုင်ငံထဲကို ခိုးသွင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုက်ဒ်ဇယ်လ် မိုတာက မလေးရှား ကီနီ ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013