ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် စီမံအုပ်ချုပ်ရေးဌာန ဥက္ကဋ္ဌကို အနီးကပ် သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းလွှတ်တော်အမတ်ဟောင်း နိုင်းချလောင် လျို့လှိုင်းကို ဘန်ကောက် ရတနတိဘက်နယ်မြေ ရဲစခန်းမှာ တာဝန်ရှိသူတွေက ဩဂုတ် ၁၀ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပါတယ်။
သူ့ကိုစစ်ဆေးစဉ် နိုင်းချလောင် ဆိုသူမှာ လက်ထိတ်ခတ်ခြင်း မခံရတဲ့အပြင် ဆေးလိပ်ဖွာသောက်ပြီး အေးအေးဆေးဆေး ဒူးနှံ့ကာ အဖြစ်အပျက်တွေ ပြောပြနေတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
သူဟာ ဘယ်လောက်အရေးပါတဲ့ အထူးပုဂ္ဂိုလ်မို့ ခုလိုခွင့်ပြုထားသလဲဆိုပြီး စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။
အချို့ကလည်း သူဟာ လက်ရှိအာဏာရ ဖုမ်းကျိုင်းထိုင်းပါတီဝင်ဟောင်းတယောက်မို့ ခုလို လုပ်ခွင့်ရှိသလားဆိုပြီး စွပ်စွဲနေတာကြောင့် ထိုင်းဝန်ကြီးချုပ် အနုထင်းက သူဟာ ပါတီဝင်ဟောင်း တယောက်ဖြစ်ပေမဲ့ အတိတ်က အတိတ်၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်ကိစ္စသာ ဖြစ်တယ်။ ပြစ်မှုအတိုင်း တရားဥပဒေအရ ထိရောက်စွာ အရေးယူရမယ်လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ အမှတ် ၁ ဒေသ ရဲမှူးချုပ် ဝပ်ထနား ယိကျင်း ကတော့ တရားခံကို စစ်ဆေးစဉ် သူက စိတ်အလွန်ဖိစီးလို့ ဆေးလိပ်သောက်ခွင့်တောင်းလို့ ခွင့်ပြခဲ့တာသာ ဖြစ်တယ်။ လက်ထိတ်မခတ်တာကတော့ သူဟာ ရဲအရေးပိုင်လက်ထဲ ရောက်နေပြီး ထွက်ပြေးမဲ့ပုံစံ မရှိတာကြောင့် မခတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားပါတယ်။
ဆေးလိပ်သောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ရာမှာ သက်ဆိုင်ရာက နိုင်းချလောင်ကို အများပြည်သူဆိုင်ရာ နေရာမှာ ဆေးလိပ်သောက်မှုအတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ နဲ့ အစိုးရဌာနဆိုင်ရာနယ်မြေမှာ ဆေးလိပ်သောက်လို့ ဒဏ်ငွေ ဘတ် ၃,၀၀၀ စုစုပေါင်း ဒဏ်ငွေ ဘတ် ၈,၀၀၀ ချမှတ်ခဲ့ပြီး ရတနတိဘက်ရဲစခန်းမှာ ဒဏ်ငွေပေးဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ရဲမှူးချုပ် ဝပ်ထနား ယိကျင်းက ပြောသွားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ် ဖန်းဖိတ်ကတော့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ထမ်းဆောင်မှုတွေဟာ အမျိုးသားရဲတပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ အထူးသဖြင့် တရားခံကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြသတာ၊ ထိန်းချုပ်ထားစဉ် လက်ထိတ်မခတ်တာ၊ စကားပြောစဉ် ဆေးလိပ်သောက်ခွင့်ပြုတာတွေကို စုံစမ်းစစ်ဆေးဖို့ ရဲစစ်ဆေးရေးမှူးချုပ်ထံ ညွှန်ကြားလိုက်ပါတယ်။
ဒါ့အပြင် ရဲချုပ်ကြီးက ပြစ်မှုကျူးလွန်သူတွေဟာ နေရာတကာမှာ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုလာကြတာကြောင့် စာသင်ကျောင်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ပန်းခြံတွေလို အများပြည်သူဆိုင်ရာ နေရာတွေမှာ လက်နက်ဆိုင်ရာ လုံခြုံရေးတွေ တိုးမြှင့် စိစစ် ကြပ်မတ်ဖို့ တနိုင်ငံလုံးရှိ ရဲစခန်းအားလုံးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
နွန်ထပူရီခရိုင်ထဲမှာ ဩဂုတ် ၇ ရက်က ကျောင်းသားတယောက် စာသင်ကျောင်းထဲ ပစ်ခတ်မှုဖြစ်ပြီး လူ ၉ ယောက် သေဆုံးခဲ့ကာ နောက် ၂ ရက်အကြာမှာ လွှတ်တော်အမတ်ဟောင်း နိုင်းချလောင် လျို့လှိုင်းက နွန်ထပူရီခရိုင် စီမံအုပ်ချုပ်ရေးဌာန ဥက္ကဋ္ဌ ရဲမှူးကြီး ထုန်းချိုင်း ရင်ပရဆစ်ကို သေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
တရားခံ နိုင်းချလောင် ကတော့ ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ ဥက္ကဋ္ဌ ထုန်းချိုင်ကို ပစ်ခတ်လိုက်ကြောင်း ထိပ်တန်းသတင်းဌာနကို ဖုန်းဆက်ပြောကြားပြီး ဆိုင်ကယ်နဲ့ ပြန်အလာ နောက်ကလိုက်လာတဲ့ ရဲတွေထံ အသာတကြည် အဖမ်းခံခဲ့ပါတယ်။
နိုင်းချလောင်နဲ့ နိုင်းထုန်းချိုင်းတို့ဟာ နှစ်ပေါင်း ၃၀ ကျော် ခင်မင်ရင်းနှီးလာတဲ့ ငယ်ပေါင်းကြီးဖော်တွေဖြစ်ပြီး နိုင်းထုန်းချိုင်း ရာထူးနေရာရဖို့ အမြဲကူညီခဲ့တယ်။ ဒါပေမဲ့ နိုင်းချလောင်က လက်ရှိ သူ့မှာ ဆေးကုသဖို့ ငွေရေးကြေးရေး ခက်ခဲနေတာကြောင့် ကူညီဖူးတဲ့ ငွေကြေးအသေးအဖွဲ မတွက်ဘဲ ဘတ် ၁၁ သန်း အကြွေးရစရာရှိတာကိုသာ ပေးဖို့ အကြိမ်ကြိမ် လိုက်တောင်းပေမဲ့ နိုင်းထုန်းချိုင်းက မပေးတဲ့အပြင် သူ့ကိုပါ တွန်းထုတ်လို့ စိတ်နာပြီး ပစ်သတ်လိုက်တာလို့ ဝန်ခံထားပါတယ်။
Source: Thairath / MGROnline / CH7 TV News











