DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဈေးကွက်ကို မြန်မာ့ပို့ကုန်တင်ပို့ရေး စိန်ခေါ်မှုများ ရှိနေ
DVB
·
October 1, 2013
အမေရိကန် ဈေးကွက်ကို မြန်မာ့ပို့ကုန်တင်ပို့ရေး စိန်ခေါ်မှုများ ရှိနေ
Donate to DVB

မြန်မာ့ပို့ကုန်တွေ အမေရိကန် ဈေးကွက်ဆီ တင်ပို့နိုင်ရေးဟာ လတ်တွေ့မှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကုန်သည်အသင်းချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

ဆယ်စုနှစ် တခုတိုင်အောင်ကြာမြင့်ခဲ့တဲ့ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာပို့ကုန်တွေဟာ အမေရိကားဈေးကွက်ထဲက ပျောက်ကွယ်ခဲ့ရတာပါ။

အခုတော့ မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုထားတာကို ပြန်လည်ဖြေလျော့လိုက်ပြီဖြစ်လို့ မြန်မာ့ပို့ကုန်တွေ အမေရိကန် ဈေးကွက်ဆီ တင်ပို့ခွင့် ရရှိပြီဖြစ်ပါတယ်။

ဒီလို အခွင့်အလမ်းပြန်ပွင့်ပေမယ့် အမေရိကန်ဈေးကွက်ဆီ ပြန်လည်တင်ပို့နိုင်ဖို့ ဈေးကွက်ရှာဖွေရေးဆိုင်ရာသုတေသန လုပ်ဆောင်ဖို့အပါအ၀င် အခြားစိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း ကုန်သည်အသင်းချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

“အရေအတွက် အခု ၁ ထောင်ကျော်ရမယ်။ အခု ၁ သောင်းဆိုရင်ရော ဒီပုံစံမျိုးနဲ့ ရနိုင်မလား။ လိုအပ်တဲ့အရည်အသွေး မီမယ်ဆိုရင်တော့ လိုအပ်တဲ့ပမာဏရနိုင်မလားဆိုတာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဈေးကွက်ကော၊ ပစ္စည်းကော အပြောင်းအလဲတွေ အမြဲရှိပါတယ်။ အဆင့်ဆင့် သုတေသနတွေလုပ်ပြီး ကိုယ်စီကိုယ်စီက သက်ဆိုင်ရာ ပစ္စည်းအပေါ်မှာ ဈေးကွက်ကို ပြန်ပြီးဖော်ရမှာပါ။ ”

မြန်မာ့ပို့ကုန်အမယ်တွေဖြစ်တဲ့ အထည်ချုပ်၊ သစ်အချောထည်၊ စိုက်ပျိုးရေး ထွက်ကုန်တွေက အမေရိကန် ဈေးကွက်ဆီ တင်ပို့နိုင်တဲ့ အလားအလာကောင်းတွေ ရှိပါတယ်လို့ သူက ပြောပါတယ်။

အခြားနိုင်ငံတွေကလည်း မြန်မာ့ပို့ကုန်အမယ်မျိုး အမေရိကားဈေးကွက်ဆီ တင်ပို့နေကြတာကြောင့် ယှဉ်ပြိုင် ရမယ့်အခြေအနေမှာ ရှိနေတဲ့အကြောင်း ဒေါက်တာမောင်မောင်လေးက အခုလိုပြောပါတယ်။

“အခြားနိုင်ငံနဲ့ ယှဉ်ပြိုင်ဖို့က ယှဉ်ပြိုင်နိုင်စွမ်းရှိမရှိ ပစ္စည်းအရည်အသွေး ကောင်းမကောင်း ဆိုတာလည်း ပြန်ပြီး ကြည့်ရမှာပါ။ နောက်တခုက ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ မပါအောင်လို့ ဂရုစိုက်ဖို့က တော်တော်လေးအရေးကြီးပါတယ်။ ချက်ချင်းတော့ သွင်းလို့မရပါဘူး။ အမေရိကန်ရဲ့ ဈေးကွက်ကတမျိုး၊ ဂျပန်ဈေးကွက်က တမျိုး အကန့်အသတ်တွေရှိပါတယ်။ သူတို့ရဲ့ စံချိန်စံညွှန်းပြည့်မှ ပို့လို့ရပါတယ်။”

မြန်မာ့အထည်ချုပ်ပို့ကုန် ဈေးကွက်အနေနဲ့ လက်ရှိမှာတော့ ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေဆီ အများဆုံးတင်ပို့နေပါတယ်။ ဥရောပ နိုင်ငံတချို့ဆီကိုလည်း တင်ပို့မှုအနည်းငယ်ရှိပေမယ့် အမေရိကန် ဈေးကွက်ဆီက အထည်အော်ဒါတွေ များများစားစား မလာသေးဘူးလို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ဒီလိုဖြစ်ရတာဟာ အဓိကကတော့ အမေရိကန်အစိုးရကပေးမယ့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို စောင့်စားနေကြလို့ မြန်မာနိုင်ငံအတွက် အထည်အော်ဒါတွေ ၀င်မလာသေးတာပါလို့ သူက ဆိုပါတယ်။

အထည်ချုပ်ဈေးကွက်မှာ မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် အဓိကကတော့ ကုန်ထုတ်စွမ်းအားကို တိုးမြင့်ဖို့လိုတဲ့အပြင်၊ ကုန်ထုတ်လုပ်မှုမှာ စရိတ်ကြီးမြင့် နေတဲ့ပြဿနာကို လျှော့ချနိုင်ဖို့ လိုကြောင်းနဲ့ ဒါမှသာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို လာမယ့်နှစ်ဆန်းပိုင်းမှာ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို လာမယ့်နှစ်ဆန်းပိုင်းမှာ ပေးဖို့အလားအလာရှိတာကြောင့် မြန်မာ့ပို့ကုန် လုပ်ငန်းရှင်တွေ အနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013